“Empty Pocket” ဆိုတဲ့ Band ကိုတော့ ဒီဘက်ခေတ် လူငယ်တွေ အတော်များများ သတိထားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ Empty Pocket အဖွဲ့ရဲ့ ထွက်ရှိထားပြီးတဲ့ သီချင်းခွေ Album ရဲ့နာမည်က “တောကြီးတန်းမှ စာတစ်စောင်” ဖြစ်ပါတယ်။
ဒါပေမယ့် လတ်တလောမှာတော့ အဆိုတော် မိစန္ဒီရဲ့ “Empty Pocket” (မွဲနေပြီ)ဆိုတဲ့ သီချင်းခေါင်းစဉ်က “Empty Pocket Band”နာမည်နဲ့ သွားတူနေသလို “မွဲနေပြီ” ဆိုတဲ့ စာသားပါဝင်မှုကြောင် ဒီအပေါ်မှာ မိစန္ဒီအနေနဲ့ ဖြေရှင်းစေချင်ကြောင်း ဧရာဝတီကို အခုလိုဆိုပါတယ်။
“Band အနေနဲ့ အဲ့လိုနာမည်သွားတူနေတာကတော့ မကောင်းတော့ ဖြစ်တာပေါ့။ တခြားသူတွေကလည်း ယုန်ထင်ကြောင်ထင်တွေ ဖြစ်ကုန်တာပေါ့။ ကျနော်တို့အခွေပဲ ထွက်သလိုလို ကျနော်တို့နဲ့ မိစန္ဒီနဲ့ပဲ ပေါင်းဆိုထား သလိုလိုနဲ့ပေါ့။ နောက်တခုက စာလုံးက Band နာမည်ပုံစံမျိုးဆိုတော့ သိပ်အဆင်မပြေတော့ဖြစ်နေတယ်။ သူနဲ့ အဆက်အသွယ် မရှိဘူး။ မရင်းနှီးဘူး။ အဲ့အတွက် ဘာမှ မပြောဖြစ်ဘူး။ ဂီတအစည်းအရုံးကိုတော့ သွားပြောပြထားတယ်” လို့ Empty Pocket Band အဖွဲ့ထဲမှ အဆိုတော် ချစ်မင်းက ဧရာဝတီကို ပြောပါတယ်။
“အဲ့လိုမျိုးဖြစ်နေတယ်။ အဲ့လိုမျိုးဖြစ်တော့ ကျနော်တို့ဘက်က အဆင်မပြေဘူး ဖြစ်နေတယ်ပေါ့။ အစည်းအရုံးကို ပြောတယ်ဆိုတာ ခေါင်းစဉ် ပြန်ပြောင်းပေးဖို့အတွက် ဒါမှမဟုတ်မြန်မာလိုဆိုလည်း မြန်မာလို ပြန်ပြောင်းပေးဖို့ အင်္ဂလိပ်စာလုံးနဲ့ကျတော့ အကြီးကြီး ရေးထားတဲ့ အခါကျတော့ ကျနော်တို့ဘက်က အဆင်မပြေဖြစ်တယ်။ အနည်းနဲ့ အများတော့ ကျနေ်ာတို့နာမည်နဲ့ တူတော့ ဒီဟာပေါ်မှာ မူတည်ပြီး အမျိုးမျိုးတွေမြင်ကြတယ်” လို့ ချစ်မင်းက ဆိုပါတယ်။
ဆက်လက်ပြီး “ပရိသတ်တွေ ကျနော်တို့ကို တမျိုးမြင်ကြတယ်။ အာရုံတော့ နောက်သွားတယ်။ သူကတော့ မသိလို့ဘဲ လုပ်ဖြစ်သွားတယ် ဆိုသည့်တိုင် သူ့ကိုတော့ ကျနော်တို့ ဘယ်လိုမှတော့ ပြောတာ မဟုတ်ဘူး။ ဂီတအစည်းအရုံးက ဆက်သွယ် မေးမြန်းတော့ သူ့အမေက ခရီးသွားတယ် ပြောတယ်။ ပြန်လာရင်တော့ ပြန်ပြောမယ် ပြောတယ်” လို့ ချစ်မင်းက ပြောပါတယ်။
ဧရာဝတီမှ အဆိုတော် မိစန္ဒီကို ဆက်သွယ်မေးမြန်းရာမှာလည်း မိခင်ဖြစ်သူက မိစန္ဒီ ပြည်ပခရီး သွားနေတဲ့ အတွက် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြန်လည် ဖြေဆိုပါတယ်။
“Empty Pocket Band” မှာ ယောင်္ကျားလေး ၄ ယောက်နဲ့ မိန်းကလေး ၁ ယောက် ပါဝင်ပြီး ပေါက်စီ (မအေးသောင်း)ကို ရည်ရွယ် သီဆိုထားတဲ့ သီချင်းလေးက ပရိသတ်တွေကြားမှ ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။
The post “Empty Pocket(မွဲနေပြီ) သီချင်းက ကျနော်တို့ Band နာမည်နဲ့ တူနေလို့ ဖြေရှင်းစေချင်တယ်” appeared first on ဧရာဝတီ.