“Empty Pocket” (မွဲနေပြီ) ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ပတ်သက်ပြီး အဆိုတော် မိစန္ဒီက “Empty Pocket band” နာမည်နဲ့ သွားတူနေတာကြောင့် မိစန္ဒီက Empty Pocket Band မှ တာဝန်ရှိသူများကို Facebook ကနေ လူသိရှင်ကြား ပြန်လည် တောင်းပန်လိုက်ပါတယ်။
အဆိုတော် မိစန္ဒီက အဆိုပါ သီချင်း ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အပြစ်ရှိလို့ တောင်းပန်ခြင်း မဟုတ်ပေမယ့် “Empty Pocket” band မှ အစ်ကို၊ အစ်မများကို လူသိရှင်ကြား တောင်းပန်သင့်တယ်ထင်လို့ ယင်း Post ကို တင်ရခြင်းဖြစ်ကြောင်း သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။
“မိစန္ဒီ အခုထွက်တဲ့ သီချင်းက မွဲပြီး ပိုက်ဆံ မရှိတဲ့ အကြောင်းအရာပါ။ ပြီးတော့ သီချင်း Chorus မှာ ရေးကတည်းက “An empty pocket, a hungry stomach ငါ့ရဲ့ဘဝဟာ အဖြစ်ဆိုးလှသည်” ဆိုပြီး catchy ဖြစ်အောင် chorus ရဲ့ main စာသားအနေနဲ့ ထည့်ရေးခဲ့ပါတယ်။ သီချင်းနာမည်ကိုလည်း empty pocket လို့ပေးဖို့ စရေးကတည်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသီချင်းကို စတည်ဖြစ်ပုံက ဟိုအရင် ၂၀၁၇ ၊ မေလ မနှစ်ကတည်းကပါ။ မှတ်မှတ်ရရ မိစန္ဒီ အဲ့ဒီသီချင်းရေးမယ်ကြံတုန်းက မိစန္ဒီ ငယ်သူငယ်ချင်းတွေပဲရှိတဲ့ private account မှာတောင် မွဲတဲ့အကြောင်း သီချင်းရေးမယ်ဆိုပြီး status တင်ခဲ့ပါသေးတယ်” လို့ မိစန္ဒီက သူ့ Facebook မှာ ရေးသား တင်ထားပါတယ်။
“ဒီသီချင်းကို Final Recording ဝင်တဲ့အခါမှာ အင်ဂျင်နီယာက “မိစန္ဒီသိလား Empty Pocket ဆိုတဲ့ band ရှိတယ်” ဆိုပြီး ကိုယ်လည်း “ဟုတ်လား အဲ့ဒါဆို သမီး သီချင်းနာမည် အဲ့ဒီလိုပေးလို့ ကောင်းပါ့မလား ဆိုပြီးတောင် အင်ဂျင်နီယာကို ပြောလိုက်တော့ သူက “ရပါတယ် သီချင်း နာမည်ပေးတာပဲ၊ လူနာမည် band နာမည် တူကြီးပေးတာမှ မဟုတ်တာ”ဆိုပြီးတောင် ပြောလိုက်ပါသေးတယ်။ နောက်တော့ Empty Pocket band ရဲ့ Page ကိုရှာပြီးတောင် ကြည့်လိုက်ပါတယ်။ တကယ်အရမ်းတော်တဲ့ band ဆိုပြီးတော့ စိတ်ထဲက လွန်စွာလေးစား ချီးကျူးမိပါတယ်”လို့ မိစန္ဒီက ဆိုထားပါတယ်။
အင်္ဂလိပ် စာလုံးဟာ မည်သူမဆို သုံးခွင့်ရှိတယ် ဆိုပြီး ထင်မိတာရယ်၊ ဘာပြဿနာမှ မရှိဘူးလို့ ထင်မိတာကြောင့် စရေးကတည်းက ပေးထားတဲ့ သီချင်းနာမည် “Empty Pocket” အတိုင်း သီချင်းနာမည်ကို ပေးဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မိစန္ဒီ ဘာမှ မဖြစ်လောက်ဘူး ထင်ထားတဲ့ ကိစ္စသည် Empty Pocket အဖွဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်သွားစရာ ဖြစ်သွားကြောင်းကို မိစန္ဒီ အဲ့ဒီ post လေးမှာ တွေ့လိုက်ရပါတယ်။ အဲဒီအတွက် တကယ်ကို ရင်ထဲမကောင်းဖြစ်သလို ဘာလုပ်ရမှန်းမသိ အံ့သြရပါတယ်။ “Empty Pocket ရဲ့ နောက်ထွက်မယ့် ဒုတိယ အခွေရဲ့ အကြောင်းအရာ ပုံစံနဲ့လည်းဆင်ပြီး Band နာမည်လည်း တူတဲ့အတွက်ပါတဲ့”။ ဒုတိယ အခွေ အကြောင်းအရာနဲ့ ပတ်သတ်လို့ မိစန္ဒီလည်း တကယ်ကို မသိခဲ့တဲ့အတွက် အရမ်းအားနာမိပါတယ်” လို့ မိစန္ဒီက ဆိုပါတယ်။
“သီချင်းနာမည်ကို လုံးဝ Totally Change လုပ်ပေးပါမယ်လို့ ဂီတအစည်းအရုံးကို ပြန်ပြောပြီး ညှိနှိုင်းပေးဖို့ ပြောထားပါတယ်။ အခုလောလောဆယ် ခရီးထွက်နေတော့ မြန်မာနိုင်ငံမှာ မရှိတဲ့အတွက် ကိုယ်တိုင်လာ မတွေ့ရခြင်းကို ခွင့်လွှတ်ပေးပါနော်။ မရည်ရွယ်ပဲ ဖြစ်သွားခဲ့တာတွေ အတွက် Empty Pocket အဖွဲ့ဝင်များနဲ့ တကွ ပရိတ်သတ်များ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်” လို့ မိစန္ဒီက Facebook ကနေ တဆင့် Empty Pocket Band အဖွဲ့ကို တရားဝင် ပြန်လည် တောင်းပန်ထားပါတယ်။
Empty Pocket အဖွဲ့ရဲ့ ထွက်ရှိထားပြီးတဲ့ သီးချင်း Album နာမည်က “တောကြီးတန်းမှ စာတစ်စောင်” ဖြစ်ပြီး Empty Pocket Band မှာ ယောကျာ်းလေး ၄ ယာက်နဲ့ မိန်းကလေး ၁ ယောက် ပါဝင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် –“Empty Pocket(မွဲနေပြီ) သီချင်းက ကျနော်တို့ Band နာမည်နဲ့ တူနေလို့ ဖြေရှင်းစေချင်တယ်”
The post “Empty Pocket” (မွဲနေပြီ) ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိစန္ဒီ ပြန်တောင်းပန် appeared first on ဧရာဝတီ.