ဒီနေ့ ဇူလိုင် ၂၃ ရက်နေ့ဟာ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သက်မွန်မြင့်က သရုပ်ဆောင် လောကကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ စတင်ဝင်ရောက်လာခဲ့ဖြစ်လို့ အခုဆိုရင် အနုပညာသက်တမ်း အချိန် ၁၈ နှစ်ကျော် နီးပါးရှိပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးတဦးလည်း ဖြစ်ပါတယ်။
သက်မွန်မြင့်က မော်ဒယ်ကနေ သရုပ်ဆောင်လုပ်ရင်း ထိပ်တန်း မင်းသမီးဘဝကို တက်လှမ်းနိုင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တဦးဆိုရင်လည်း မမှားပါဘူး။ အနုပညာလောကကို စဝင်ဝင်ချင်းမှာပဲ ချစ်စဖွယ်ကောင်းတဲ့ အပြုံးပိုင်ရှင် ဖြစ်တာကြောင့် သက်မွန်မြင့်ဟာ လူသိများလာပြီး ဇာတ်ကားများ ရိုက်ကူးခဲ့ရသူပါ။
ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးလာခဲ့ရပြီး စကားပြောပိုင်းမှာ အနည်းငယ် အားနည်းတယ်လို့လည်း တချို့ရဲ့ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ဒါပေမယ့်သရုပ်ဆောင်မှုပိုင်းမှာ ပီပြင်စွာကြိုးစားခဲ့တဲ့အတွက် သက်မွန်မြင့်ဟာ တဖြည်းဖြည်းနဲ့ ထိပ်ပိုင်းကို တက်ရောက်လာနိုင်ခဲ့သူပါ။
အဲဒီအချိန်က ကြော်ငြာတွေမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတွဲများခဲ့ပြီး လိုက်ဖက်တယ်လို့လည်း မှတ်ချက် ပေးခံခဲ့ရပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့လည်း ယနေ့တိုင်အခင်မင်မပျက်ဘဲ အတွဲမပျက်တဲ့ အနုပညာမောင်နှမတွေ ဖြစ်ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ “ဝမ်းနည်းမှတ်တမ်း” တေးသီချင်းကလည်း အရမ်း ပေါက်ခဲ့သလို သက်မွန်မြင့်ကိုလည်း ပရိသတ်များ အားပေးမှု အထူးရရှိခဲ့ပါတယ်။ အဲဒီနောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲပြီး ရုပ်ရှင် ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။
အဝတ်အစား ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင်လည်း သက်မွန်မြင့်က ရိုးရိုးလေးနဲ့ လှအောင် ဝတ်တတ်သူလို့လည်း အများက သတ်မှတ်ထားခြင်းခံရသူတဦးပါ။ ဖက်ရှင်ကျအောင် ဝတ်တတ်ပေမယ့် သက်မွန်မြင့်က Sexy ကျကျ မဝတ်ဆင်တတ်သူ တဦးဖြစ်ပြီး အဝတ်အစားနဲ့ပတ်သက်ပြီး ဝေဖန်ခြင်း မခံရတဲ့ သရုပ်ဆောင်လည်း ဖြစ်ပါတယ်။
အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေရင်း ပြင်ပက စီးပွားရေးလုပ်ငန်းရှင် ကိုစစ်နိုင်နဲ့ ၂၀၁၄ ခုနှစ်တုန်းက အိမ်ထောင်ပြုခဲ့ပါတယ်။ အဲဒီနောက် “အားချစ်” ဆိုတဲ့ သားလေးတဦးနဲ့ မကြာသေးခင်က “လဝန်းမေ” ဆိုတဲ့ သမီးလေးတဦးကို မွေးဖွားခဲ့တာကြောင့် သားသမီးနှစ်ယောက်ရဲ့ မိခင်တဦးဖြစ်လာခဲ့ပါတယ်။
အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ရင်း အနုပညာအလုပ်များကိုလည်း သက်မွန်မြင့်က ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
သက်မွန်မြင့်က ၂၀၁၀ ခုနှစ်မှာ “အာဒမ်ရယ် ဧဝရယ် ဒဿရယ်” ဆိုတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီး ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ “ချစ်လှစွာသော အမုန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပဲ ထပ်မံရရှိခဲ့တာကြောင့် အကယ်ဒမီ ထူးချွန်ဆု ၂ဆု ရရှိထားတဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။
သက်မွန်မြင့် သရုပ်ဆောင်ခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကလည်း မြန်မာနိုင်ငံ ရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့ပြီး မြန်မာရုပ်ရှင်ခေတ်ကို တခေတ်ဆန်းစေတယ်လို့တောင် တင်စား ခံခဲ့ရပါသေးတယ်။ ဒီဇာတ်ကားကို ထုတ်လုပ် ပါဝင်ရိုက်ကူးခဲ့တဲ့ ခီမောင်နှံကလည်း လက်ရှိမှာအောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်လာကြပါတယ်။
သက်မွန်မြင့်က လက်ရှိ မြန်မာနိုင်ငံရဲ့ Facebook Follower အများဆုံး အနုပညာရှင်တွေထဲက တဦး အပါအဝင်လည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြင်ပစီးပွားရေးအနေနဲ့ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်ကို ဖွင့်လှစ်ရောင်းချနေပြီး အနုပညာ အလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ သက်မွန်မြင့်က မြန်မာနိုင်ငံရဲ့ အောင်မြင်နေဆဲ အနုပညာရှင် မင်းသမီးတဦး အဖြစ် ရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။
The post အပြုံးချိုချိုနဲ့ ပရိသတ်တွေရဲ့ မေတ္တာ ရရှိခဲ့သူ မင်းသမီး သက်မွန်မြင့် appeared first on ဧရာဝတီ.