အဆိုတော် Demi Lovato ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခဲ့မှုကြောင့် ဆေးရုံ တက်လိုက်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ သူဟာ Instagram မှာ ကြေညာချက်ကို တင်ခဲ့ပြီး သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေနဲ့ ဆေးရုံကနေ ဆင်းပြီးနောက်ပိုင်း တိုးတက်မှုအခြေအနေတို့အကြောင်း ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေထံ အသိပေးခဲ့ပါတယ်။
အဆိုတော် Demi က “စွဲလမ်းမှုနဲ့ ကျမခရီးလမ်းအကြောင်း ကျမအမြဲတမ်း ပွင့်ပွင့်လင်းလင်း ရှိခဲ့တာပါ။ ဒီအဖျားရောဂါဟာ အချိန်နဲ့အတူ ပျောက်သွားတာမျိုး၊ မှေးမှိန်သွားတာမျိုး မရှိဘူးဆိုတာ ကျမ သိခဲ့ရပါတယ်။ ကျမ ဆက်လက်ဖြတ်သန်း ကျော်လွန်ရမယ့် အရာတခုဖြစ်ပြီးတော့ အခုထိတော့ မပြီးဆုံးသေးပါဘူး” လို့ဆိုပြီး စကားကို အစချီထားပါတယ်။
အသက် ၂၅ နှစ်အရွယ် အဆိုတော်က အခုလိုမျိုး ခက်ခဲတဲ့ သီတင်းပတ်တွေမှာ သူ့မိသားစု၊ အဖွဲ့နဲ့ လော့စ်ဂျလိစ်မြို့က Cedars-Sinai ဆေးကုသရေးစင်တာ ဝန်ထမ်းတွေနဲ့ အတူ သူ့ကိုချစ်ခင်ပေးပြီး ထောက်ခံပေးကြတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
သူက “ကျမရဲ့ အရက်စွဲလမ်းမှုနဲ့ ပြန်လည်သက်သာစေဖို့ အတွက်ပဲ အာရုံစိုက်မှာဖြစ်ပြီး ပြန်လည်သက်သာဖို့ အခုအချိန်လိုအပ်နေပါတယ်။ ကျမကို ပြသပေးခဲ့ကြတဲ့ အချစ်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အခြားတဖက်မှာ ပြန်လည်ထွက်လာနိုင်မယ့်နေ့ကို ကျမမျှော်လင့်နေပါ့မယ်။” လို့ ရေးသားထားတာ ဖြစ်ပါတယ်။
Twitter မှာတင်ထားတဲ့ အဲဒီ ကြေညာချက်ပို့စ်ရဲ့ အောက်မှာတော့ သူ့အတွက် ဆုမွန်ကောင်းပေးကြတဲ့ နာမည်ကျော် တွေထဲမှာတော့ ပဲရစ်ဟီလ်တန်နဲ့ ဂျန်နီဖာလိုပက်ဇ်တို့လိုလူတွေလည်း ပါဝင်ပါတယ်။
ဂျန်နီဖာလိုပက်ဇ်က “အို ကလေးရယ်၊ အချစ်မေတ္တာပို့သပါတယ်” လို့ မှတ်ချက်စကားရေးသားထားပါတယ်။ Rap အဆိုတော် Macklemore က “ဒမ်မီဆီ အချစ်တွေ ပို့သပါတယ်။ ကျနော်လည်း မကျန်းမာတာ အများကြီး ဖြစ်ခဲ့ဖူးပါတယ်။ ပြန်လည်သက်သာလာဖို့ အဆုံးအစမဲ့တဲ့ အချစ်တွေနဲ့ ထောက်ခံမှုတွေက ကျနော်တို့ အမြဲတမ်း ကြိုဆိုခဲ့တာပါ။ အမြဲတမ်း မင်းကိုလည်း ကြိုဆိုနေမှာပါ။ တနေ့နေ့ တချိန်ချိန်မှာပေါ့” လို့ ရေးသားခဲ့ပါတယ်။
အဆိုတော် Sam Smith က “လှပတဲ့မိန်းကလေး၊ လူသန်းပေါင်းများစွာအတွက် အားကျအတုယူမှု” လို့ ရေးသားခဲ့ပါတယ်။ အဆိုတော် Luis Fonsi က “ဒယ်မီရေ ကျနော်တို့ ခင်ဗျားကို ချစ်ပါတယ်။” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အဆိုတော် Demi ဟာ အရက်စွဲလမ်းမှုကို ဖြတ်တောက်ခဲ့ပုံနဲ့ မိဘတွေကို တောင်းပန်ထားတဲ့ စကားလုံးတွေပါဝင်တဲ့ “Sober” ဆိုတဲ့ သီချင်းတပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။
“Sorry Not Sorry” အပါအဝင် နာမည်ကျော် သီချင်းတွေကို ဖြန့်ချိခဲ့တဲ့ အဆိုတော်ဟာ အရေးပေါ်ကားနဲ့ ဆေးရုံကို အိမ်ကနေ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး အလွန်အကျွံသုံးစွဲခဲ့တဲ့ ဆေးကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။
Ref: etcanada
The post ပြန်လည်သက်သာဖို့ အချိန်လိုအပ်သေးတဲ့ အဆိုတော် Demi Lovato appeared first on ဧရာဝတီ.