ဒီတခါမှာတော့ IMDB rating မှာ 6.4 ရရှိထားတဲ့ ထိတ်လန့်သည်းဖို Horror Drama အမျိုးအစားရုပ်ရှင် ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Pascal Laugier ကရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Crystal Reed, Anastasia Phillips, Emilia Jones, Taylor Hickson, Mylene Farmer တို့နဲ့ တခြားသောသရုပ်ဆောင်တွေက ပါဝင်အားဖြည့်သရုပ်ဆာင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ Pauline ဟာ ညီမဖြစ်သူပိုင်ဆိုင်တဲ့ မြို့နဲ့ဝေးကွာလှတဲ့ မြို့ပြင်ဘက်ကအိမ်ကို အမွေရခဲ့ပြီး ဆယ်ကျော်သက်သမီးနှစ်ယောက်ဖြစ်တဲ့ Beth နဲ့ Vera တို့နဲ့ အဲဒီအိမ်မှာ သွားရောက် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Beth ဟာ ထိတ်လန့်သည်းဖိုဝတ္ထုတွေကို ရေးတဲ့စာရေးဆရာမပေါက်စလေးဖြစ်ပြီး မြို့ပြင်က အိမ်ကြီးဆီကိုသွားတဲ့လမ်း မှာ သူမရေးထားတဲ့ဝတ္ထုကို အစ်မဖြစ်သူနဲ့ အမေဖြစ်သူကို ဖတ်ပြနေတာနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ အိမ်ကြီးဆီ ကို ရောက်တဲ့အခါမှာတော့ အရုပ်ပေါင်းများစွာနဲ့ အိုဟောင်းနေတဲ့ ရှေးခေတ်အပြင်အဆင်တွေကို Beth တို့သားအမိတွေ တွေ့မြင်ခဲ့ရပါတယ်။
အိမ်အသစ်ဆီကို စရောက်တဲ့ညမှာပဲ သတင်းစာတွေမှာ ထည့်သွင်းကြေညာထားရတဲ့ ရဲတွေဆီကနေ လွတ်မြောက်နေတဲ့ Psychopath နှစ်ဦးဟာ Beth တို့သားအမိကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ သမီးတွေကိုကယ်တင်ဖို့ Pauline တယောက်အပြင်းအထန်ပြန်လည်ခုခံခဲ့ပြီး ဆိုးရွားလှတဲ့ အတွေ့အကြုံတွေကြောင့် Beth ရဲ့အစ်မဖြစ်သူကတော့ စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။
ဒီလိုနဲ့ပဲ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ Beth ဟာ အဲဒီအတွေ့အကြုံတွေကို ပြန်လည်ရေးသားထားတဲ့ စာအုပ်နဲ့ နာမည်ကြီးသည်းထိတ်ရင်ဖိုဝတ္ထုစာရေးဆရာမ တယောက်အဖြစ် နာမည်ကြီးလာခဲ့ပြီး လော့စ်အိန်ဂျလိစ်မှာပဲ အိမ်ထောင် ကျကာ ဘဝအသစ်ကို စတင်နေခဲ့ပါတယ်။
အမေဖြစ်သူနဲ့ အစ်မဖြစ်သူကတော့ အဲဒီအိမ်ကြီးဆီမှာပဲ ဆက်လက်နေထိုင်နေဆဲ ဖြစ်ပါတယ်။ တရက်မှာတော့ အစ်မဖြစ်သူ Vera က အိမ်ကြီးဆီကို ပြန်လာဖို့နဲ့ အရင်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာ အဆုံးမသတ်သေးဘူးလို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး Beth တယောက်အိမ်ကြီးဆီကို ပြန်ရောက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ပဲ ဆက်လက်ကြည့်ရှုပါတော့လို့ပဲ တိုက်တွန်းချင်ပါတယ်။
ဒီဇာတ်ကားဟာ တခြားသော Horor ဇာတ်ကားတွေလို တချိန်လုံးခြောက်လှန့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကား က ထင်မှတ် မထားတဲ့အချိန်မှာ ဇာတ်လမ်းအလှည့်အပြောင်းတွေကြောင့်လည်း သေချာအာရုံစိုက် ကြည့်ရှုရမယ့် ဇာတ်ကားတကား လည်းဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ Grand prize မှာ အကောင်းဆုံး Horror ဇာတ်ကားဆုကို ရရှိထားတာကြောင့် Horror ရုပ်ရှင်ချစ်သူ တွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။
The post ရူးသွပ်မှုနောက်ကွယ်မှ မှုခင်းတခု (သို့မဟုတ်) Incident in a Ghost Land (2018) appeared first on ဧရာဝတီ.