ကိုရီးယားအဆိုတော် Ailee ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “Hidden Singer” အပိုင်း တခုမှာ သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ Diet (အစားအသောက်ရှောင်တဲ့) အတွေ့အကြုံအကြောင်း ပြန်ပြောတဲ့အချိန်မှာ မျက်ရည်ကျခဲ့တာကို တွေ့ရပါတယ်။
“Hidden Singer” ဆိုတဲ့ အစီအစဉ်ကတော့ နာမည်ကျော် အဆိုတော်နဲ့ အခြားဝါသနာရှင်တွေရဲ့ သီချင်းဆိုပြိုင်ပွဲဖြစ်ပြီး ပရိသတ်တွေက သီချင်းဆိုသံကိုသာ နားထောင်ပြီး တကယ့်အဆိုတော်ကို ခန့်မှန်းရတာဖြစ်ပါတယ်။
သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ဝါသနာရှင်တဦးက Ailee ဝိတ်ကျသွားတာကို မြင်တွေ့ခဲ့ပြီးတဲ့နောက် အဆိုတော်တယောက်ဖြစ်လာဖို့ ၁၅ ကီလိုဂရမ်လောက် ဝိတ်ချခဲ့တဲ့ အကြောင်း ပြောကြားခဲ့ပါ တယ်။ အပြန်အလှန်အနေနဲ့ Ailee ကလည်း သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
Ailee က ဝိတ်ကျသွားပြီးတဲ့နောက် မပျော်မရွှင်ဖြစ်ခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။ အဲဒီအချိန်မှာ သူဟာ ၅၀ ကီလိုဂရမ် လောက်ပဲ ကိုယ်အလေးချိန်ရှိတော့ပေမယ့် ဘာကိုမှမစားရတဲ့အတွက်ကြောင့် တနေ့လုံး ဗိုက်ဆာနေခဲ့တယ်လို့ ဆိုပါ တယ်။
သူက “စင်ပေါ်မှာ သီချင်းဆိုဖို့နဲ့ ဖျော်ဖြေဖို့ အစားရှောင်ရမယ်ဆိုတဲ့ အကြောင်းအချက်က ကျမကို ဝမ်းနည်းစေခဲ့ပါတယ်” လို့ မျက်ရည်ကျပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန် အရမ်းကျသွားပြီးတဲ့နောက် သူ့ရဲ့ အကောင်းဆုံးစွမ်းရည်အတိုင်း သီချင်း မဆိုနိုင်ခဲ့ဘူးလို့ ပြောဆိုပြီး အဲဒီအချိန်ဟာ သူ့ဘဝမှာ စိတ်ဓာတ်အကျရဆုံး အချိန်အခိုက်အတန့် ဖြစ်ခဲ့တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။
သူက “ကျမဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာ ဂရုမစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျမ အခုပျော်ရွှင်နေပါပြီ။ ပြီးတော့ ကျမ သီချင်းဆိုရတာကို ပိုကျေနပ်နေတယ်ဆိုတာ ပိုပြီး အရေးကြီးပါတယ်။ အရေးအကြီးဆုံးအရာကတော့ ကိုယ်ခန္ဓာကိုယ်ကို ကိုယ်ချစ်ဖို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
ဝိတ်လျှော့တာနဲ့ ပတ်သက်လို့ လူမှုအသိုက်အဝန်းတွေက ဖိအားပေးနေတာကို ဝေဖန်မှုတွေ ရှိနေပေမယ့် Ailee ရဲ့ အကောင်းမြင် စိတ်ထားကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။
Ref:asiaone
The post အလွန်အကျွံ Diet လုပ်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း ပြောကြားခဲ့တဲ့ အဆိုတော် Ailee appeared first on ဧရာဝတီ.