ဒီနေ့ သြဂုတ်လ ၇ ရက်နေ့က သရုပ်ဆောင်မြင့်မြတ်ရဲ့ ၃၃နှစ်မြောက်မွေးနေ့ပဲ ဖြစ်ပါတယ်။ မြင့်မြတ်အတွက် သူရဲ့ မွေးနေ့မှာ သူရဲ့ သားဦးလေးကိုပါ ဇနီးဖြစ်သူက မွေးဖွားပေးခဲ့ပါတယ်။
မြင့်မြတ်က သရုပ်ဆောင်လောကထဲကို မဟော်ဂနီထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားအဖြစ်နဲ့ ဗီဒီယို ရုပ်ရှင်ကားတွေ ရိုက်ကူးပြီး ရောက်ရှိလာခဲ့သူတဦးပါ။ စစချင်းမှာ ဂျစ်ကန်ကန် မာကျောကျော ဇာတ်ရုပ်များနဲ့ မြင့်မြတ်ကို ပရိသတ်များက ပရိသတ်ထားမိပြီး “ကျောက်စက်ရေ” ဆိုတဲ့ မိဘမေတ္တာဘွဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံး စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင်လောကထဲ မဝင်ခင်ကလည်း မြင့်မြတ်က တက္ကသိုလ်မှာ King တယောက် ဖြစ်ခဲ့ဖူးပါသေးတယ်။ မြင့်မြတ်က မဟောဂနီနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်းမှာလည်း ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူး ခဲ့ရပါတယ်။ မြင့်မြတ်က သရုပ်ဆောင်အပြင့် သီချင်းဆိုတာကို ဝါသနာပါတဲ့အတွက် အဆိုတော်ကောင်းကောင်း၊ အိုင်းရင်းဇင်မာမြင့်တို့နဲ့အတူ “နှလုံးသား အရင်းအနှီး” ဆိုတဲ့ တေးစီးရီးကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီမှာလည်း အားပေးမှုများ ရရှိခဲ့ပါတယ်။
မြင့်မြတ်ကို “ခိုးဆိုလုနှိုက်” ၊ “တောကျီးကန်း” ၊ “အော်ရယ်ဂျင်နယ် ဂိုဏ်းစတား”အစရှိတဲ့ ဇာတ်ကားတွေမှာ မိုက်ကန်းကန်းဇာတ်ရုပ်များနဲ့ ပရိသတ်များ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ မြင့်မြတ်ကို သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ရိုက်ကူးတဲ့ “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ” ဗီဒီယိုဇာတ်ကားမှာ ပါဝင်တဲ့ “ဂျင်းကောင်” အသုံးအနှုန်းကြောင့် မြင့်မြတ်ကို “ဂျင်းကောင်” လို့ နာမည်တွင်အောင် အောင်မြင်စေခဲ့ပြန်ပါတယ်။
ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့်နောက်ပိုင်းမှာ မြင့်မြတ်က အလားတူဇာတ်ရုပ်များနဲ့ ရုပ်ရှင်ကားတွေ ၊ ဗီဒီယိုကားတွေ ရိုက်ကူးခဲ့ရပြန်ပါသေးတယ်။ အဲဒီအချိန်တုန်းက Facebook ပေါ်မှာ ဂျင်းကောင်ရဲ့ အောင်မြင်မှုကလည်း အံ့မခန်းကို ရေပန်းစားခဲ့တာပါ။
ဒီဇာတ်ကားက စတင်ပြီးဇာတ်ကားမှစတင်ပြီး ရယ်စရာဇာတ်ရုပ်များနဲ့ ပရိသတ်များကြား ရေပန်းစားခဲ့ပြန်တာမလို့ မြင့်မြတ်က သရုပ်ဆောင်မှုပိုင်းမှာ အကုန်ပိုင်နိုင်သူ တယောက်လို့ မြင်နိုင်ပါ တယ်။ မြင့်မြတ်က သရုပ်ဆောင်လောကမှာ အပေအတေဇာတ်ရုပ်၊ မိန်းမလျာဇာတ်ရုပ်၊ ပေါတောတောဇာတ်ရုပ်၊ အတည်ဇာတ်ရုပ် ဇာတ်ရုပ်စုံကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ သရုပ်ဆောင် မင်းသားတဦးလည်း ဖြစ်လာပါတယ်။
ဒီလိုဇာတ်ရုပ်တွေမှာပီပြင်အောင် သရုပ်ဆောင်နိုင်ပေမယ့် သရုပ်ဆောင်ဆုရဲ့ အမြင့်ဆုံးလို့ ဆိုလို့ရမယ့် အကယ်ဒမီ ထူးချွန်ဆုကိုတော့ ၂၀၁၇ ခုနှစ်မှာမှ ရရှိခဲ့တာဖြစ်ပါတယ်။ မြင့်မြတ်က “အမှောင်မှာ ရွာချတဲ့ မိုးတိမ်” ဇာတ်ကားနဲ့ “အကောင်းဆုံး ဇာတ်ပို့ဆု” ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကတော့ မြင့်မြတ် သရုပ်ဆောင်လောကထဲ ဝင်ရောက်ပြီး ဆယ်နှစ်ကျော် ကာလမှာမှ ပထမဆုံး စတင်ရရှိခဲ့တဲ့ ထူးချွန်ဆုလည်း ဖြစ်ပါတယ်။
အဲဒီနောက်မြင့်မြတ်ဟာ မန္တလေးသူလေး မခင်သူအောင်နဲ့ ၂၀၁၆ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ပါတယ်။ ဇနီးဖြစ်သူကလည်း တည်ငြိမ်အေးဆေးသူ တဦးဖြစ်တဲ့အတွက် ပရိသတ်များရဲ့ သဘောတူ လက်ခံအားပေးခြင်း ခံခဲ့ရပါတယ်။ ယခုအခါမှာတော့ ဇနီးဖြစ်သူက မြင့်မြတ်အတွက် သားဦး ယောကျာ်းလေးကို ဒီနေ့ မြင့်မြတ်ရဲ့မွေးနေ့မှာ ဝိတိုရိယဆေးရုံမှာ မွေးဖွားပေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာလည်း မြင့်မြတ် ပါဝင်ထားတဲ့ “ငဒူ” ၊ “ဘော်ဘော်ကထှော်” ၊ “မင်္ဂလာကုတင်” အစရှိတဲ့ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်လာတာကြောင့် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ဇာတ်ကား အရိုက်ရဆုံး မင်းသားတဦး ဖြစ်လာပါတယ်။
The post မွေးနေ့မှာ ဖခင်တယောက် ဖြစ်လာတဲ့ သရုပ်ဆောင် မြင့်မြတ် appeared first on ဧရာဝတီ.