လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခံစားချက်စာသားတွေရေးလေ့ရှိတဲ့ အကယ်ဒမီမြတ်ကေသီအောင်က သတင်းမီဒီယာများအနေနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားထားတဲ့ စာသားများ၊ ဓာတ်ပုံများကို ကူးယူဖော်ပြနေပြီး ခေါင်းစဉ်များကိုကောင်းကောင်းမရေးတာကြောင့် ဆဲခံနေရတယ်လို့ဆိုပါတယ်။
“ကျမဆီက သတင်းလိုချင်ရင်လာမေး တိုက်ရိုက်မေး၊ တိုက်ရိုက်ကျမဖြေချင်ရင်ဖြေမယ်။ ကျမ Personal အရ ရိုက်ထားတဲ့ ပုံတွေယူတင်တယ်ဆိုတာတော့ နည်းနည်းတော့လွန်တယ်ထင်တယ်လေ။ တယောက်နဲ့ တယောက်စည်းထားရမယ်။ ဘယ်လောက်ရင်းနှီးပါတယ်ပြောပြော”
“နိုင်ငံခြားမှာဆိုရင် တရားစွဲလို့ရတယ်။ ဒီမှာ ဘာမှမလုပ်လို့ဘာမှမဖြစ်တာ။ အဲ့တော့ ကိုယ့်ပုံကြီးကိုယူပြီး ခေါင်းစဉ်ကလည်း ကောင်းကောင်းမရေးကြဘူး။ ချစ်စရာကောင်းအောင်ရေးရင် လူတွေကလည်း ချစ်စရာကောင်းတယ်လို့ လိုက်ပြီးComment ရေးမှာပဲ ။ချစ်စရာမကောင်းဘူးလို့ရေးရင်လည်း ဆဲဖို့ဖွင့်ပေးလိုက်သလို ဖြစ်သွားတယ်”
” ကျမတို့ခေတ်က မင်းသမီးတယောက်က ရေးပြီးတင်လိုက်တာကို ခေါင်းစဉ်ပြောင်းလိုက်တော့ သူ့ကိုဝိုင်းဆဲဖို့ဖြစ်နေတော့ မကြည့်ချင်ရင်နေပေါ့တို့။ ဘာလျှာရှည်နေတာလဲတို့။ အဲ့လိုတွေရေးကြရော။ ကျမတို့က အနုပညာသမားဆိုပေမယ့် တခါတလေမှာစိတ်ခံစားချက်က တူတူပဲလေ ။ လူပဲလေ။ အဲ့တော့ပြောခံလိုက်ရတယ်။ ဆဲခံလိုက်ရတယ်ဆိုတာကို ဘယ်သူမှကြိုက်တဲ့ ကိစ္စမှမဟုတ်တာ။ အဆဲလည်းမခံချင်ဘူး၊ အပြောလည်းမခံချင်ဘူး’’လို့ မြတ်ကေသီအောင်က ပြောပါတယ်။
သရုပ်ဆောင်မြတ်ကေသီအောင်က မီဒီယာတွေအနေနဲ့ ကိုယ့်စာတပိုဒ်တည်းကို ပရိသတ်စိတ်ဝင်စားနေတာနဲ့ ခေါင်းစဉ်တပ်ကာ အဆဲမခံရအောင် ရေးဖို့ ပြောလိုက်ပါတယ်။
“ကျမတို့နဲ့ မီဒီယာတွေဆိုတာ ကွဲကွာလို့ရတာမှ မဟုတ်တာ။ တယောက်နဲ့ တယောက်ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ။ မီဒီယာဘာတွေသိချင်လဲ အကုန်ဖြေပေးတယ်။ မီဒီယာတွေကလည်း ကျမတို့ အဆဲမခံရအောင် ဘယ်လိုရေးပေး ရင်ကောင်းမလဲ။ ကိုယ့်စာတပိုဒ်တည်း ပရိသတ်စိတ်ဝင်စားနေတာနဲ့ ခေါင်းစဉ်တပ်လို့မရဘူး”
“အဲ့ဒါ လူတယောက်ကို ဟိုးအောက်ထိရိုက်ချလိုက်သလိုဖြစ်သွားတယ်။ ကျမအင်တာဗျူးဆိုလည်း ပွင့်ပွင့်လင်းလင်း ဖြေတတ်တယ်။ဖြေတတ်တဲ့အတွက် တခါတည်းပြောတယ်။ခေါင်းစဉ်ကိုပေါက်ကရမထည့်နဲ့။ ကျမအချစ်အကြောင်း တွေရေးတယ်။ ကျမမှ မဟုတ်ပါဘူး။ စာရေးဆရာ၊ စာရေးဆရာမတွေ အသက်ကြီးတဲ့ သူတွေက အချစ်အကြောင်းကို ရေးဖွဲ့ထားကြတယ်”
“အသက်ကြီးလို့ အချစ်ကိုမခံစားရတော့ဘူးတဲ့လား။ အချစ်နဲ့ ရှင်သန်နေကြတာလေ။ မောင်နှမချစ်၊ လင်မယားချစ်၊ မိသားစုအချစ်တွေရှိတယ်။ အချစ်နဲ့ပဲရှင်သန်နေကြတာ။ ကျမရေးတော့မှ “သူက အချစ်အကြောင်းတွေ ရေးနေတာလား။ ဘယ်ကောင်ကိုကြူနေတာလဲ” ဆိုတော့ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒါကြောင့်ရေးတာခဏနားထားရတယ်” လို့ ဆိုပါတယ်။
ဒီဘက်ခေတ်မှာ မီဒီယာများလည်း များပြားလာပြီး မီဒီယာများနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း မြတ်ကေသီအောင်က အခုလိုဆိုပါတယ်။
“အရင်တုန်းကမီဒီယာတွေနဲ့ အခုမီဒီယာတွေ တော်တော်လေးကွာသွားတယ်။ အရင်တုန်းက ဆိုရင် ကျမတို့ကို တရက်လာမေးတယ်။ နောက်နေ့ဓာတ်ပုံရိုက်ပြီးမှ ထွက်ကြတာ။ အခုကဖြတ်ညှပ်ကပ်တွေလုပ်ပြီးတော့ သတင်းတွေ တင်နေကြတယ်။ အဲ့အတွက် ကျမကတရားစွဲတာတွေတော့ မလုပ်ပါဘူး။ သူတို့ကို တရားမစွဲချင်သလို တရားရုံးလည်း မရောက်ချင်ဘူး။မလုပ်ကြရင်တော့အကောင်းဆုံးပဲပေါ့”လို့ ပြောပါတယ်။
အချစ်ရေးအိမ်ထောင်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ကောလာဟလတွေနဲ့ ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့ မြတ်ကေသီအောင် ကတော့ အခုချိန်မှာတော့စီးပွားရေးဖြစ်တဲ့ ကော်ဖီဆိုင်လေးလုပ်ငန်းလေးကို မောင်ဖြစ်သူနဲ့ အတူတွဲလုပ်ကိုင်ကာ သူမရဲ့ဘဝကို အေးချမ်းစွာဖြတ်သန်းလျက်ရှိပါတယ်။
ကျန်းမာရေးကြောင့်အနုပညာလုှုပ်ရှားမှုနည်းနတဲ့ မြတ်ကေသီအောင်က “အထက်တန်းစား ” ဇာတ်ကားကြီးကိုလည်း ဒါရိုက်တာနေပိုင်နဲ့ ရိုက်ကူးဖို့ရှိကြောင်းသိရပါတယ်။
The post “မီဒီယာတွေက အနုပညာရှင်တွေ အဆဲမခံရအောင် ရေးပေးသင့်တယ်” appeared first on ဧရာဝတီ.