ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ မကြာမီထွက်ရှိ လာတော့မယ့် မင်းသမီး ကာဂျိုးလ်ရဲ့ “Helicopter Eela!” ဆိုတဲ့ ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတယ်လို့ ဆိုပါတယ်။
မင်းသားကြီး အမီတာနဲ့ မင်းသမီး ကာဂျိုးလ်တို့ဟာ ၂၀၀၁ ခုနှစ်တုန်းက မိသားစုဒရာမာ “Kabhi Khushi Kabhi Gham” ရုပ်ရှင်မှာ အတူတွဲ ပါဝင်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ၁၇ နှစ် အကြာမှာ ပြန်လည်ဆုံစည်းကြတာ ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Pradeep Sarkar က “ကျနော်တို့ သူ့ကို လိုအပ်တဲ့ ပုံမှန် ဇာတ်ဝင်ခန်းတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပိုင်းမှာ သရုပ်ဆောင်ဖို့ ကျနော်တို့ သူ့ကို တောင်းဆိုခဲ့တာပါ။ အဲဒါဟာ အရေးကြီးတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပြီးတော့ အရင်တုန်းက ကျနော်နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ဖူးတဲ့အတွက် မစ္စတာ ဘဂျမ်းက သဘောတူခဲ့ပါတယ်။ သူဟာ အာဂျေးနဲ့ ကာဂျိုးလ်တို့နဲ့လည်း ရင်းနှီးသူ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရုပ်ရှင်နဲ့ ပတ်သက်လို့ ကာဂျိုးလ်က မိခင်တွေအနေနဲ့ သူတို့ရဲ့ အချိန်အများစုမှာ ဘာတွေ အတွက် အချိန်တွေ ကုန်နေကြတယ်ဆိုတာ သတိပြုမိစေဖို့ အရေးကြီးတဲ့အကြောင်း ကနဦးတုန်းက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
မင်းသမီးက “ပုံမှန်အတိုင်းပဲ သဘာဝကျပါတယ်။ အမေတယောက်လို့ဆိုတဲ့ လူတိုင်းမှာ ဖြစ်နေတဲ့ အရာတွေပါ။ မိခင်တယောက်အနေနဲ့ ကိုယ်ပိုင်ဆိုင်တယ်ဆိုတာကို မေ့နေတဲ့ အရာတော်တော်များများရှိပါတယ်။ ကိုယ်ပိုင် ဝိသေသ လက္ခဏာတွေ ရှိတယ် ဆိုတာလည်း နားလည် သဘောပေါက်ရပါတယ်။ စောင့်ရှောက်ပေးရတဲ့ မိခင်တယောက်ပဲ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်တို့သဘောပေါက်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီရုပ်ရှင်မှာတော့ မိဘတယောက်နဲ့ နောက်မျိုးဆက်တခုရဲ့ ကွာခြားချက်တို့အကြောင်းကို ဖော်ပြထားပြီး အမျိုးသားဆုရ မင်းသား Riddhi Sen ရဲ့ မိခင်အဖြစ် မင်းသမီး ကာဂျိုးလ်က ပါဝင်မှာ ဖြစ်ပါတယ်။
မင်းသမီး Neha Dhupia လည်းပါဝင်သရုပ်ဆောင်ထားတဲ့ “Helicopter Eela” ရုပ်ရှင်ဟာ ဂူဂျာရတ် ပြဇာတ်တပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသား Ajay Devgn ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Pen India လိမိတက်တို့ ပူးတွဲထုတ်လုပ်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၇ ရက်ကစလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref:indiaexpress
The post အမီတာဘဂျမ်းနဲ့ ကာဂျိုးလ်ကို အတူတွဲပြီး ပြန်လည် မြင်တွေ့ရမယ့် “Helicopter Eela!” appeared first on ဧရာဝတီ.