သြဂုတ်လ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာပါရှိတဲ့ “ကိုစိုးသူ (ခ) ကိုစိုးသူလွင်နှင့် မစိုးမြတ်နန္ဒာ သိစေရန်” ဆိုတဲ့ ကြေညာစာကို စိုးမြတ်နန္ဒာက ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ သူမနဲ့မသက်ဆိုင်ကြောင်း ယခုလို ကြေညာချက် ထုတ်ခဲ့တာကြောင့် သူမရဲ့ ဂုဏ်သိက္ခာအတွက် ၇ရက်အတွင်း သိန်း ၁၅၀၀၀ လျော်ကြေးပေးရန် ပြန်လည်တောင်းဆို ခဲ့ပါတယ်။
“စိုးမြတ်နန္ဒာသည် ဦးစိုးသူလွင်နှင့် ဦးကျော်ကျော်ထွန်းတို့၏ ငွေအပေးအယူ ပြုလုပ်ခြင်း ကိစ္စအား သိရှိခဲ့ခြင်း မရှိခဲ့ပါ။ ၂၀၁၅ ခုနှစ်တွင် ဦးကျော်ကျော်ထွန်းသည် ၎င်း၏ Striking Thunder Entertainment မှ စိုးသူ၏ One Night in Mandalay Show ကိုဆောင်ရွက်ခဲ့ပြီး စိုးသူ၏ “အမြတ်နိုးဆုံး မင်းအကြောင်းလေး” စီးရီး Album ကို ဖြန့်ချိပေးခဲ့သူသာ ဖြစ်သည်။ ဦးကျော်ကျော်ထွန်းသည် ငွေအပေးအယူ သုံးစွဲမှုများမှာ ပါဝင်ပတ်သက်ထားခြင်း မရှိမှန်း သိပါလျက် တစုံတရာ ဆက်သွယ်လာခြင်း မရှိဘဲ လူကြီးလူကောင်း မဆန်စွာ နာမည်ကို တပ်ကာ အများသိစေရန် သတင်းစာမှ ငွေတောင်းခံလာခဲ့ပါတယ်” ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ငွေကြေးတောင်းခံခြင်း ကြေငြာချက်ထုတ်ခြင်းဟာ စိုးမြတ်နန္ဒာ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ တမင်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပါရှိပါတယ်။
ဒီလိုမျိုး စိုးမြတ်နန္ဒာ ဂုဏ်သိက္ခာ ကျဆင်းစေသော နစ်နာမှုအတွက် ငွေကျပ် သိန်း ၁၅၀၀၀ ကို ယနေ့ သြဂုတ် ၂၀ရက် မှစတင်ကာ ၇ရက်အတွင်း ပေးဆပ်ရန် တောင်းဆိုလိုက်ပါတယ်။
အဆိုပါ တောင်းဆိုချင်ကို မလိုက်နာပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုတော့မှာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းကြေညာလိုက်ပါတယ်။
စိုးမြတ်နန္ဒာအား ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုတဲ့ သြဂုတ်လ ၁၈ရက်နေ့က ထုတ်တဲ့ နိုင်ငံပိုင်သတင်းစာမှာ ပါရှိတဲ့ ကြေညာစာမှာတော့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ နှစ်ဦးကတော့ သိန်း ၇၅၀ ကျော်ကို ၃ ရစ် အရစ်ကျ ခွဲဝေပေးမယ်ဆိုကာ မပျက်မကွက် ပြန်ဆပ်ပါမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ရယူခဲ့တယ်လို့ ပါရှိပြီး တတိယ အရစ် ပြန်လည်ဆပ်ရမယ့် ရက်မှာ ပြန်လည်ပေးဆပ်ခြင်း မရှိတဲ့အတွက် နိုင်ငံပိုင်သတင်းစာမှတဆင့် ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။
The post စိုးမြတ်နန္ဒာက ဂုဏ်သိက္ခာအတွက် သိန်း ၁၅၀၀၀ လျော်ကြေးတောင်း appeared first on ဧရာဝတီ.