ကိုးရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရတာ ရိုးနေပြီး တခြားဇာတ်လမ်းတွဲတွေ ကြည့်ချင်တယ် ဒါပေမယ့် ဘာတွေကြည့်ရမလဲ မသိဘူးဆိုတဲ့ သူတွေအတွက် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဖြစ်တဲ့ ဟောလိဝုဒ် ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။
ရုပ်ရှင်ပရိသတ်တွေ သတ်မှတ်ထားတဲ့ အကောင်းဆုံး ဟာသဇာတ်လမ်းတွဲတွေ၊ အကောင်းဆုံး ဒရာမာ ဇာတ်လမ်းတွဲတွေကို ညွှန်းပေးချင်ပါတယ်။
(၁) Game Of Throne
၂၀၁၁ ခုနှစ် ကစတင်ပြီး HBO Network က ထုတ်လွှင့်ခဲ့တဲ့ “Game Of Throne” ဟာ အခုထိ မပြီးသေးပါဘူး။ Season 7 ခုရှိပြီဖြစ်တဲ့ ဒီဇာတ်ကားဟာ အမေရိကန် Fantasy Drama အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်နိုငံမှာပဲ ကြည့်ရှုသူ ၁၃ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ သမိုင်းနောက်ခံ ဇာတ်ကားလည်းဖြစ်ပါတယ်။
(၂) The Simpsons
“The Simpsons” ဟာ အမေရိကန်ကာတွန်းကား ဇာတ်လမ်းတွဲဖြစ်ပြီး Fox Broadcasting က ထုတ်လွှင့်ပြသတဲ့ ဇာတ်ကားတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အမေရိကန် လူလတ်တန်းစား မိသားစု ဘဝအကြောင်း ရိုက်ကူးထားတဲ့ ကာတွန်းဇာတ်လမ်းတွဲဖြစ်ပြီး American Sitcom ပရိသတ်တွေ အလွန်နှစ်သက်တဲ့ ဇာတ်လမ်းတွဲပါ။
၁၉၈၉ခုနှစ်က စတင်ထုတ်လွှင့်ခဲ့ပြီး အခုဆိုရင် Season ၂၉ ကို ရောက်ရှိနေပါပြီ။ အပိုင်းပေါင်း ၆၀၀ကျော် ထွက်ရှိထား ပြီဖြစ်တဲ့ ဒီဇာတ်လမ်းတွဲဟာ အမေရိကန် လူငယ်ပရိသတ်ရော လူကြီး ပရိသတ်ကြားထဲမှာပါ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
(၃) Friends
“Friends” ဇာတ်လမ်းတွဲကိုတော့ ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၀၄ခုနှစ် မှာ အဆုံး သတ်ခဲ့ပါတယ်။ အမေရိကန် Sitcom ဖြစ်တဲ့ ဒီဇာတ်လမ်းတွဲဟာ အသက် ၂၀ ကနေ အသက် ၃၀ အတွင်း မိဘအိမ်ကထွက်ခွာပြီး တယောက်တည်း ခွဲနေရင်း တွေ့ကြုံရင်းနှီးခဲ့တဲ့ သူငယ်ချင်း ၆ ယောက်ရဲ့နေ့စဉ်ဘဝကို ရိုက်ကူးထားတာဖြစ်ပါတယ်။
တကမ္ဘာလုံးက လူငယ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့တဲ့ ဒီဇာတ်ကားကို ၁၀ နှစ် ရိုက်ကူးခဲ့ပြီး Season 10 ခု ပါဝင်ပါတယ်။
(၄) Sherlock
Sherlock ကတော့ အင်္ဂလန်အခြေပြု တီဗီဇာတ်လမ်းတွဲဖြစ်ပြီး ယခင်က ရှိခဲ့တဲ့ စုံထောက် Sherlock Holmes ကို ယနေ့ခေတ်ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အမြဲတမ်းမြင်နေကျ ပုံစံအဟောင်း မဟုတ်တဲ့ ဇာတ်ကောင် ကာရိုက်တာကြောင့် ပရိသတ်ရဲ့ အားပေးမှုကို ပိုပြီး ရရှိခဲ့ပါတယ်။ အပိုင်း ၁၃ ပိုင်းသာ ထွက်ထားပေမယ့် ဒီဇာတ်လမ်း တွဲကို လူကြိုက်အရမ်းများတဲ့ ဇာတ်လမ်းတွဲအဖြစ် သတ်မှတ်ထားကြပါတယ်။
Ref;ranker.com
The post ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဟောလိဝုဒ် ဇာတ်လမ်းတွဲများ appeared first on ဧရာဝတီ.