ဂီတလောကမှာ သီချင်းဆိုပြိုင်ပွဲမှတဆင့် ရောက်ရှိလာခဲ့ပြီး အောင်မြင်မှုတခုကို ရရှိထားတဲ့ အဆိုတော် အောင်ထက်က တေးသီချင်း ဖန်တီးသီဆိုနေရတာဟာ သူ့ရဲ့အောင်မြင်မှု တခုလို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
“ဘယ်ပြိုင်ပွဲက လူပဲဖြစ်ဖြစ် ကြိုးစားနေဖို့က အရေးကြီးဆုံးပါပဲ။ အခု ကျနော်တို့လည်း ကြိုးစားနေရတာပဲ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ လူတွေက သတ်မှတ်ပေးတာ။ အောင်မြင်မှုကို ကျနော့်ရဲ့ သတ်မှတ်ချက်က ဂီတအလုပ်ကို လုပ်ကိုင်ခွင့် ရနေတာပါ။ ကျနော် သီချင်းတွေ ဆိုနေရတယ်။ ရေးခွင့်ရတယ်။ ဒါဟာ ကျနော့်ကိုယ် ကျနော် သတ်မှတ်တဲ့ အောင်မြင်မှုပါ” လို့ အောင်ထက်က ပြောပါတယ်။
သီချင်းဆိုပြိုင်ပွဲများက လှေကားတခုလို ကိုယ့်ကို ဂီတလောကထဲကို တွန်းပု့ိပေးတယ်လို့ ဆိုပြီး အပြင် လောကကတော့ ပိုမိုကျယ်ပြန့်တဲ့အတွက် အမြဲတမ်း ကြိုးစားဖန်တီးနေဖို့ လိုတယ်လို့ ပြောပါတယ်။
“သီချင်း နားဆင်တဲ့သူတွေမှာ ဒီလိုမျိုး မရှိဘူးလို့ ကျနော် ထင်တယ်။ ကျနော်တို့တွေ အရင်တုန်းက ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပြီး ဆုရခဲ့တယ်။ ဒါဟာပြိုင်ပွဲက ကဏ္ဍတခုပေါ့။ ဒါပေမယ့် ဒါကအားလုံးကို အခြေခံပါတယ်။ လှေကားတခုလို လုပ်ပေးခဲ့တဲ့ အရာတခုပါ။ ကျနော်တို့ အပြင်မှာ လုပ်နေရတဲ့ အချိန်မှာ နယ်ပယ်က ပိုကျယ်ပြန့်ပါတယ်။ ပြိုင်ပွဲလည်း မဟုတ်ပါဘူး” လို့ အောင်ထက်က ပြောပါတယ်။
အဆိုတော် အောင်ထက်ကတော့ အိပ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှ ဆု ရရှိခဲ့ပြီး ပရိသတ် ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့တဲ့ အဆိုတော် တယောက် ဖြစ်ပြီး တေးသီချင်းတွေကို ကိုယ်တိုင်လည်း ရေးစပ် ဖန်တီးသီဆိုသူတဦး ဖြစ်ပါတယ်။
အိပ်မက်ဆုံရာပြိုင်ပွဲမှာ ဆုရရှိပြီးတဲ့အချိန်မှာတော့ သူ့ရဲ့တကိုယ်တော်အခွေ “ဟေး… မိတ်ဆွေ” နဲ့ “နှစ်”တို့ ထွက်ရှိထားပြီး မကြာခင်မှာလည်း အဆိုတော် ဖြိုးပြည့်စုံနဲ့ တွဲဖက်သီဆိုထားတဲ့ “ကြယ်” တေးစီးရီး အခွေလည်း ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
The post “ဘယ်ပြိုင်ပွဲက လူပဲဖြစ်ဖြစ် ကြိုးစားနေဖို့က အရေးကြီးဆုံးပါပဲ” appeared first on ဧရာဝတီ.