အမေများအဖွဲ့ဝင် သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စမ်းက လက်ရှိမှာကြော်ငြာတွေလောက်သာ ရိုက်ကူးဖြစ်နေပြီး “အမေများအဖွဲ့ရိပ်သာ” ကိုသာ လုပ်ကိုင်တော့မယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အမေလတ်တလောမှာတော့ ကြော်ငြာလောက်ပဲ ရိုက်နေတယ်။ အမေတို့က ဇာတ်ကားလည်း ရွေးသွားပြီ။ နယ်တွေလည်း သိပ်မလိုက်ဖြစ်တော့ဘူး။ အမေကတော့ အေးအေးဆေးဆေးနဲ့ပဲ အမေရိပ်သာကို အမေလုပ်တော့မှာပါ။ သိပ်ပြီးတော့ အနုပညာလုပ်ဖို့က ကိုယ့်ထက် ငယ်တာတွေတောင် မရိုက်ရဘူး။ အသက်ကြီးမှ ရိုက်ချင်လို့ မဖြစ်ဘူး”လို့ ဒေါ်နွဲ့နွဲ့စမ်းက ပြောပါတယ်။
“ဗီဒီယိုဈေးကွက် လျော့နည်းသွားတာက ဘိုင်စကုတ်တွေက နေရာတိုင်းမှာ ရနေပြီလေ။ City Mart တွေမှာတောင် ဘိုင်စကုတ်တွေရှိနေတော့ ဗီဒီယိုကို ကြည့်တဲ့ သူနည်းသွားတာပေါ့။ ဗီဒီယိုကိုလည်း ပီပီပြင်ပြင် မရိုက်ကြဘူး။ ဖြစ်သလိုရိုက် ကြတယ်လေ။ အချိန်လည်း ပေးရတယ်။ ပိုက်ဆံလည်း ပေးရတော့ တန်မှပဲ ပရိသတ်တွေက ကြည့်ချင်ကြမှာပေါ့”လို့ ဒေါ်နွဲ့နွဲ့စမ်းက ဆိုပါတယ်။
အသက် ၇၈ နှစ် ရှိနေပြီဖြစ်တဲ့ ဒေါ်နွဲ့နွဲ့စမ်းက ကျန်းမာရေးအနေနဲ့ မှန်မှန်လေး စားနေကြအတိုင်း စားပြီး ၊ သွားနေကြတိုင်းသွား၊ လုပ်နေကျတိုင်းလုပ်နေတာကြောင့် ကျန်းမာရေးကောင်းနေတယ်လို့ ထင်ကြောင်း ပြောပါတယ်။
“အမေ့ အသက် အခု ၇၈ နှစ်။ ကျန်းမာရေးကတော့ မှန်မှန်လေး စားနေကျတိုင်း စားတယ်။ သွားနေကျတိုင်း သွားတယ်။ လုပ်နေကျတိုင်း လုပ်နေတော့ ကျန်းမာရေးကောင်းနေတယ်လို့ထင်ပါတယ်။ အမေတို့ အသက်ကြီးလာတော့ ရောဂါတွေကတော့ ရှိတောပေါ့။ အစားလေး ဆင်ခြင်လိုက် အသွားလေး ဆင်ခြင်လိုက်တော့ ကောင်းသွားတယ်။ ဆေးဆိုတာနောက်မှ ဆင်ခြင်ဖို့က အဓိကပါပဲ” လို့ ဒေါ်နွဲ့နွဲ့စမ်းက ပြောပါတယ်။
ဒေါ်နွဲ့နွဲ့စမ်းက လက်ရှိမှာ ကျန်းမာရေး မကောင်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်နဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။
“ဒေါ်စံပယ်ကတော့ အမေတို့အဖွဲ့ထဲက ထွက်သွားပြီ။ ဒေါ်မိုးသီတာမိုးကတော့ အမေတို့ အဖွဲ့ထဲက ဆိုတော့ အမေတို့က ရောဂါရသည်မှ သေဆုံးသည်အထိ အမေတို့က တာဝန်ယူရတာပေါ့။ ဒေါ်စံပယ်တို့ အဖွဲ့ထဲက သူကထွက်မယ်ဆိုတော့ ထွက်ခိုင်းလိုက်တာပေါ့။ အမေတို့က တော်တန် ဖြစ်ရင်တော့ အမေတို့ ခေါ်ပါတယ်”
“ကိုယ့်အညစ်အကြေး ကိုယ် မစွန့်နိုင်တော့ရင်တော့ အမေတို့ အိမ်ရာကနေ လက်မခံတော့ပါဘူး။ အမေတို့လည်း လုပ်မပေးနိုင်ဘူးလေ။ ထွက်သွားတာ ၁ နှစ်လောက် ရှိပြီ။ သူကတော့ ကျန်းမာရေး သိပ်မကောင်းရှာပါဘူး။ သူ့ကို အမေတို့တွေက ခေါ်တော့ သူက မနေနိုင်ဘူး။ သူ့အဖေတွေ သူ့ညီမတွေ ရှိတော့ ခေါ်ထားလို့ သူက မနေနိုင်ဘူး။ ရိပ်သာဆိုတာ သူတို့နေချင်မှ ဖြစ်တာလေ။ အမေတို့ကတော့ နေနိုင်အောင်လုပ်ပေးတာပါပဲ” လို့ ဒေါ်နွဲ့နွဲ့စမ်းက ဆိုပါတယ်။
ဆက်လက်ပြီးလည်း “ အမေတို့ အမေအဖွဲ့အနေနဲ့ သူများကန်တော့တာကို စားနေရတော့ အမေတို့ ကူညီထောက်ပံ့ပေးဖို့ ဘယ်ဖြစ်နိုင်မလဲ။ တနှစ်တခါ သြင်္ကန်မှာကရင်တော့ ၈ သိန်း၊ ၉ သိန်း၊ ၁၀ သိန်း ရပြီး ယူသွားကြတာပဲ။ အမေတို့တွေလည်း ပေးခဲ့ဖူးတယ်။ ဗုဒ္ဓဂါယာတောင် ပို့ဖူးတယ်”လို့ ဒေါ်နွဲ့နွဲ့စမ်းက ပြောပါတယ်။
ဒေါ်နွဲ့နွဲ့စမ်းဟာ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်သလို သြင်္ကန်တွင်းမှာလည်း အမေများအဖွဲ့နဲ့ ကပြ ဖျော်ဖြေလေ့ ရှိပါတယ်။ ဒေါ်နွဲ့နွဲ့စမ်းက ဦးစီးပြီး “သက်ကြီးအမေများ နားခိုရာ” နေရာကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သန်လျင်မြို့နယ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – နှလုံး ကျန်းမာရေးကြောင့် နာမကျန်းဖြစ်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဒေါ်စံပယ်
The post အသက်ကြီးလာလို့ အစားအသောက် အနေအထိုင် ဆင်ခြင်နေရတဲ့ ဒေါ်နွဲ့နွဲ့စမ်း appeared first on ဧရာဝတီ.