ဗီဒီယိုလောက လျော့နည်းလာတာဟာ ခိုးကူးခွေတွေပေါလာတာကြောင့် ဖြစ်ပြီး အခုချိန်ထိ ဗီဒီယိုခွေ ထွက်ပြီး အနုပညာကို တကယ်ချစ်လို့ ရိုက်နေကြတဲ့သူတွေ အများကြီးပဲလို့ ဝါရင့် ဇာတ်ပို့ သရုပ်ဆောင် အောင်ခိုင်က ပြောပါတယ်။
“ဗီဒီယိုဈေးကွက် လျော့နည်းလာတယ်ဆိုတာ ဦးအောင်ခိုင်က လက်ရှိမှာလည်း မြန်မာနိုင်ငံရုပ်ရှင် အစည်အရုံးရဲ့ စည်းရုံးရေးမှူးတယောက် ဖြစ်တယ်လေ။ ဗီဒီယိုဈေးကွက်တွေ ပျက်လာတယ်ဆိုတာ အွန်လိုင်းတွေပေါ်လာတာလည်း အပါအဝင်တခု ဖြစ်တာပေါ့နော်။ အွန်လိုင်းမှာ တချို့သော သူများက ရုံထဲမှာ မသိမသာ ခိုးရိုက်သွားတယ်။ ပြီးတော့ အဲဒါတွေ လိုင်းပေါ်တက်တယ်”
“ခိုးကူးခွေတွေ ပေါ်လာတော့ ခွေတွေကို ငှားကြည့်မယ့်သူ မရှိတော့ဘူး။ တကယ့် မူရင်းခွေကို ၁၀၀၀ နဲ့ ရောင်းရင် ခိုးကူးခွေက ၃၀၀ လောက်နဲ့ ရောင်းတယ်။ ဒီမူရင်းခွေကို ငှားပြမယ့် ဆိုင်တွေက ဒုက္ခရောက်သွားတယ်။ တခွေငှားမှ ၂၀၀ လောက်ရတာ။ ၁၀ ခွေလောက်ဆိုသူ့အရင်းအနှီးက နှစ်သောင်းလောက် ဖြစ်တယ်။ ဆိုင်တွေက မငှားကြတော့ စီးပွားရေးအခြေအနေတွေက မကောင်းတော့ဘူး။ ဘယ်သူပဲဖြစ်ဖြစ် အရင်းရင်းတယ်ဆိုတာ အမြတ်ရချင်လို့ရင်းတဲ့ သူတွေချည်းပဲ။ ဆိုင်တွေလည်း တဖြည်းဖြည်းနဲ့ ပြုတ်လာတယ်” လို့ အောင်ခိုင်က ဆိုပါတယ်။
“နယ်ကသူတွေသာ ဗီဒီယိုကိုကြည့်ကြတော့တယ်။ မြို့ကလူတွေ ရုပ်သံလိုင်းတွေ အများကြီး ပေါ်လာတယ်။ အဲဒီရုပ်သံလိုင်းတွေကလည်း အခွေတွေကို သူတို့လည်း ဝယ်ပြတာပဲ။ သူတို့လည်း သွားပြောလို့ မရဘူး။ သူတို့လည်း ခွေတခွေကို ဆယ်ချီ၊ ရာချီပေးပြီး ရုပ်သံလိုင်းပြတယ်။ မြို့ပေါ်က လူတွေရဲ့ စက်တွေဆို မှိုတွေတောင် တက်နေပါပြီ။ ဗီဒီယိုခွေထွက်ပြီး အနုပညာကို တကယ်ချစ်လို့ရိုက်နေကြတဲ့ သူတွေ အများကြီးပဲ။ ဘာပဲပြောပြော ဗီဒီယိုရဲ့ ကျရှုံးမှုကတော့ ခိုးကူးခွေကြောင့်လို့ပဲ အဆုံးသတ်ရမှာပါ” လို့ အောင်ခိုင်က ဆက်ပြောပါတယ်။
ဗီဒီယိုဈေးကွက် ယိမ်းယိုင်လာချိန်မှာ ဇာတ်လမ်းတွဲတွေနေရာယူလာပြီး မြန်မာ ဇာတ်လမ်းတွဲတွေကို ပရိသတ်အားပေးလို့ ကျေးဇူးတင်တယ်လို့ အောင်ခိုင်က ပြောပါတယ်။
“ကိုရီးယားကားတွေနေရာမှာ မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်အားပေးမှုများလာတာ အရမ်းကို ပီတီဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကဆို ကိုရီးယားကားမှ မကြည့်ရင် ဘာအလုပ်မှ မလုပ်ဘူးဆိုတဲ့ သူတွေရှိပါတယ်။ မြန်မာဇာတ်လမ်းတွဲတွေ တဖြည်းဖြည်းနဲ့ နေရာ ယူလာတာ ဦးအောင်ခိုင်တို့ အနုပညာသမားတွေလည်း အလုပ်အကိုင်တွေ အဆင်ပြေတယ်။ ဗီဒီယိုဈေးကွက် ယိမ်းယိုင်လာချိန်မှာ ဇာတ်လမ်းတွဲတွေနေရာ ယူလာတယ်။ မြန်မာ ဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ အားပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်” လို့ အောင်ခိုင်က ပြောပါတယ်။
အောင်ခိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “၂၄ နာရီ ၁ ချစ်“ ဇာတ်ကားကြီးလည်း မကြာခင်မှာ ရုံတင်တော့မှာ ဖြစ်ပြီး အဲဒီဇာတ်ကားမှာ အောင်ရဲလင်း၊ မိုးဟေကို၊ အေးမြတ်သူနဲ့ အနုပညာရှင် များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
The post “ခိုးကူးခွေတွေကြောင့် ဗီဒီယိုလောက လျော့နည်းလာတာပါ” appeared first on ဧရာဝတီ.