ယနေ့ခေတ် ဂီတလောကမှာ ရှားပါးစွာ မြင်တွေ့ရတဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို တေးသီချင်းများကို ဖန်တီးလေ့ရှိတဲ့ အဆိုတော် ဝေလက သူ့ရဲ့ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲကို တမူ ထူးခြားစွာဖြင့် သံစုံတီးဝိုင်းနဲ့ တီးခတ် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“ကျနော်က Runner ရယ်၊ ဆရာဓိရာမိုရ်တို့ ဂီတကဗျာအဖွဲ့နဲ့ ပထမဆုံးပွဲလေးမှာ Orchestra ပုံစံလေး ဆိုချင်တာပေါ့။ လွန်ခဲ့တဲ့ ၁၈နှစ်လောက်ကတည်းကလည်း ဆရာဓိရာမိုရ်နဲ့က ခင်တယ်။ အခု ပထမဆုံးပွဲမှာ အမှတ်တရဖြစ်အောင် ဆရာ့ကိုလည်း အကူအညီတောင်းပြီးတော့ ဖျော်ဖြေဖြစ်တာပါ။ လူအများကြီးနဲ့ Team work ကောင်းကောင်းနဲ့ သီချင်းတပုဒ်ကို ဝိုင်းပြီး ပံ့ပိုးပေးကြတယ်။ အရသာ တမျိုးပေါ့။ ကျနော် အဲဒီအရသာ အရမ်းကြိုက်တယ်” လို့ ဝေလက ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲကိုတော့ “Live in 360” လို့ အမည်ပေးထားပြီး စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
တကိုယ်တော်ရှိုးပွဲရဲ့ နာမည်ပေးဖြစ်ခဲ့ပုံကိုလည်း ဝေလက အခုလို ပြောပြခဲ့ပါတယ်။
“နာမည်ပေးဖြစ်တာကတော့ ပထမဆုံးပွဲဖြစ်တော့ ဘာနာမည်ပေးလို့ ပေးရမှန်း မသိဘူး။ ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ အချိန်မှာ ပုဂံမှာ ပွဲတခုနဲ့ ဦးရင်ဂို၊ ဦးညီထွဋ်၊ ကိုRဇာနည်၊ ကျားပေါက်တို့နဲ့ သွားရိုက်ကြတော့ ကိုကျားပေါက်နဲ့ ပြောဖြစ်တယ်။ သူလည်းဝိုင်းစဉ်းစားပေးရင်းနဲ့ ‘Live in 360’ ဆိုပြီး ပေးဖြစ်သွားတာပါ။ အဓိကကတော့ ကိုကျားပေါက် စဉ်းစားပေးတာပါ” လို့ ဝေလက ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ သီချင်းအပုဒ်ရေ ၃၀ခန့် ပြင်ဆင်ထားပြီး ၂၅ ပုဒ်ခန့် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ တွဲဖက်သီဆိုမယ့် အဆိုတော်အနေနဲ့ ပိုပိုဟေသာ တယောက်တည်းသာ ပါဝင်သီဆိုသွားမှာ ဖြစ်ပါတယ်။
အဆိုတော် ဝေလကတော့ “၁၉၈၄” ၊ “မိတ်ကပ် မကြိုက်သောသီချင်းများ” ၊ “အဓိပတိဖွား” ၊ “အတုများတဲ့မြို့” စတဲ့ တကိုယ် တေးသီချင်းခွေများ ထွက်ရှိထားတဲ့ ကိုယ်ပိုင်သံစဉ်များကို သီဆိုလေ့ ရှိတဲ့ အဆိုတော် တယောက် ဖြစ်ပါတယ်။
The post ပထမဆုံး တကိုယ်တော်ပွဲမှာ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမယ့် ဝေလ appeared first on ဧရာဝတီ.