ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ဟာ ရွှေထူးရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ရွှေထူးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းကို ချစ်သူဖြစ်သူ သရုပ်ဆောင် ရွှေမှုံရတီက သူရဲ့ Facebook မှာ အခုလိုပဲ ဆုတောင်းစကား ဆိုထားပါတယ်။
”အသည်းနှလုံး မွေးနေ့မှစ၍ ပိုပြီး စိတ်ချမ်းသာပါစေ။ ကျန်းမာရေး ပိုကောင်းပါစေ။ ပရိသတ်တွေ ပိုချစ်တဲ့ အနုပညာရှင်လေး ဖြစ်ပါစေ။ မိဘကိုလည်း ဒီထက်မက စိတ်ချမ်းသာအောင်ထားနိုင်ပါစေ။ မိဘကို ဒီထက် ပိုရှာကျွေးနိုင်ပါစေ။ သဲကိုလည်း ပိုချစ်နိုင်ပါစေ။ မိသားစု၊ ပရိသတ် ပြီးရင် အချစ်ဆုံးက သဲပဲ ဖြစ်ပါရစေ။ ပိုဂရုစိုက်နိုင်ပါစေ ဒီထက်ပို ချော့နိုင်ပါစေ” လို့ ရွှေမှုံရတီက ရွှေထူးအတွက် မွေးနေ့ဆုတောင်းစကား ဆိုထားပါတယ်။
ရွှေမှုံရတီနဲ့ ရွှေထူးကတော့ တယောက်နဲ့ တယောက် အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်ပြီး ရွှေမှုံရတီက ရွှေထူးကို သဝန်တိုတာလေး လျှော့ပေးဖို့ နဲ့ ဒီထက်လည်း ပိုချစ်နိုင်အောင်ကြိုးစားနေတယ်လို့ ဆိုထားပါသေးတယ်။
”သဝန်တိုတာလေးလည်း လျော့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အများကြီးလည်းချစ်တယ်။ ဒီထက်ပို ချစ်နိုင်အောင်လည်း ကြိုးစားနေပါတယ်” လို့ ရွှေမှုံရတီက သူ့အကောင့်မှာ ရေးသားထားပါတယ်။
ချစ်သူက Surprise လုပ်တတ်တာကြောင့် မွေးနေ့မှာ ချစ်သူပေးမယ့် မွေးနေ့လက်ဆောင်ကို မျှော်နေတယ်လို့ ရွှေထူးက ဧရာဝတီကို ပြောပါတယ်။
“ဒီနှစ် မွေးနေ့မှာတော့ မနက်ပိုင်းကို အလှူတွေနဲ့ ဖြတ်သန်းပါတယ်။ ညနေပိုင်း အချိန် ပေးရမယ့် သူတွေ အားလုံးကို အချိန်ပေးပါမယ်။ လေလောဆယ်တော့ ချစ်သူက မွေးနေ့လက်ဆောင် ပေးဖို့ ရှိပါတယ်။ ကျနော် မျှော်လင့်နေတုန်းပါပဲ။ သူက အရမ်း Surprise လုပ်တတ်တယ်။ ဒီတော့ ကျနော်မျှော်လင့်နေရတာပဲကောင်းပါတယ်။ သူဘာလုပ်မလဲ ဆိုတောကို စောင့်ကြည့်တာ ပိုကောင်းပါတယ်”လို့ ရွှေထူးက ဆိုပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးက မကြာသေးခင်က ရုပ်ရှင်ကား အတူတူ ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြကာ ချစ်သူအဖြစ် ရောက်ရှိခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့လည်း ပရိသတ်အချို့ရဲ့ ဝေဖန်ခံခြင်းကို ခံနေကြရတာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ရှုတင်ဖျက်ပြီး အချိန်ပေးတဲ့ချစ်သူကြောင့် မွေးနေ့မှာ ပျော်ရွှင်နေတဲ့ ရွှေထူး
The post “သဲကို ပိုချစ်နိုင်ပါစေ”လို့ ချစ်သူမွေးနေ့မှာ ဆုတောင်းစကားဆိုလိုက်တဲ့ ရွှေမှုံရတီ appeared first on ဧရာဝတီ.