Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရပါတံခါး၊ ဓမ္မရံကြီးနဲ့ MPP ရဲမြင့်ရဲ့ ၁၇ကြိမ်မြောက် ပန်းချီပြပွဲ

$
0
0

မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ လူမှုရေးယိုယွင်းနေမှုတွေ ဝေဖန်တင်ပြလေ့ရှိတဲ့ ပန်းချီဆရာ MPPရဲမြင့်ရဲ့ ပန်းချီကားတွေဟာ အလှအပထက် စဉ်းစားဆင်ခြင်တွေးတောစရာတွေကို ပေးလေ့ရှိပါတယ်။

အခု လောကနတ်ပန်းချီပြခန်းမှာ ပြသနေတဲ့ Tharabar Gate & Dhammayangyi Temple ပြပွဲက ပန်းချီကားတချပ် ကတော့ သာယာကြည်နူးဖို့ကောင်းနေတာကို တွေ့ရပါတယ်။

ပုဂံမြို့စတည်ကတည်းက ရှိနေခဲ့တဲ့ သရပါတံခါးကို မြင်းလှည်းလေးက တသော့သော့နဲ့ မောင်းဝင်သွားပြီး အဲဒီအချိန်မှာပဲ သရပါရှေ့ကျုံးထဲကကြာကန်မှာ လုံမပျိုလေးတွေက ရေခပ်ဆင်းလို့ပေါ့။

ဒါပေမယ့် ရှေးဟောင်းအမွေအနှစ် သရပါတံခါးမှာရှိတဲ့ လှေကားသုံးထစ်ကို စစ်အစိုးရက ရှစ်ထစ် ပြောင်းပစ်ခဲ့တာ၊ ရှေးကရှိခဲ့တဲ့ သရပါရှေ့က ကျုံးကို ပြန်မထိန်းသိမ်းနိုင်သေးတာ၊ E-bike တွေဝင်လာချိန်မှာ ဒေသခံမြင်းလှည်းသမား တွေရဲ့ဘဝရပ်တည်မှု ခက်ခဲကုန်ကြတာတွေကို သိရရင် ဒီပန်းချီကားနဲ့ပတ်သက်တဲ့ ခံစားချက်ဟာ တမျိုးပြောင်းသွားနိုင် ပါတယ်။

တကယ်တော့ MPP ရဲမြင့်ဟာ သူ့ရဲ့ဒီ ၁၇ ကြိမ်မြောက် ပန်းချီပြပွဲမှာလည်း ပုဂံရဲ့ပျက်စီးယိုယွင်းမှု တွေကို အနုပညာနဲ့ မီးမောင်းထိုးပြခဲ့ပါတယ်။

“ကျနော်က သရပါကို ရေးတဲ့အခါ အကုန် သုံးထစ်ပဲရေးတယ်။ နောက် တရုတ်က E-bike တွေဝင်လာ တဲ့အခါမှာ မြင်းလှည်းယဉ်ကျေးမှုက ပျောက်သလောက်နီးပါးဖြစ်သွားတယ်။ မြင်းလှည်းဆရာတွေ လည်း စားဝတ်နေရေးဒုက္ခ ရောက်တာပေါ့။ အဲဒါကို ကျနော် မကြိုက်ဘူးပေါ့။ နောက် သပါရရှေ့က ကျုံးဟာ ဟိုအရင်ကဆို ငါးတွေဘာတွေမျှား လို့ရတယ်လို့ ရှေးလူကြီးတွေကပြောတယ်။ အဲဒါ ဆရာပါရဂူရဲ့ပုဂံခရီးသည်စာအုပ်ထဲမှာလည်းပါတယ်။ ကျုံးကို သန့်ရှင်းရေးလုပ်။ မြစ်ရေသွင်းပြီး ကျုံးပြန်လုပ်လိုက်။ ဥပဒေနဲ့စည်းနဲ့ကမ်းနဲ့။ အဲဒီလိုဖြစ်စေချင်လို့ ဒီပန်းချီကားတွေ ကိုရေးတာလို့” ပုဂံမှာ နေထိုင်တဲ့ ပန်းချီဆရာကဆိုပါတယ်။

MPP ရဲမြင့်ရဲ့ဓမ္မရံကြီးဘုရားပန်းချီကားနဲ့ တခြားသော ပန်းချီကားတချို့မှာ ကမ္ဘာကျော်ပန်းချီ ဆရာကြီး ဗန်ဂိုးရဲ့ စုတ်ချက်ဟန် တိမ်ပုပ်ကြီးတွေလွှမ်းမိုးလို့နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ပုဂံမြေမှာ နေထိုင်သူ ပန်းချီဆရာအတွက်တော့ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ စီမံကိန်းတွေထဲ ပုဂံက ရှေးဟောင်း ဘုရား တွေ ပါဝင်နေတာဟာ မခံရပ်နိုင်စရာပါပဲ။.

“အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ စကားလုံးအပေါ်မှာ မရိုးမသား လူတွေက အခွင့်အရေး ယူကုန်တာ။ အခုအစိုးရ က အဲဒါကြွေးကြော်လာတော့ ခရိုနီတွေနဲ့ ပြန်လုပ်ရတယ်။ ပြည်သူနာမှာ လည်းကြောက်တော့ တိုင်းပြည်က ဒီကြားထဲ မှာညှပ်နေတာဗျ။ ဒီပန်းချီကားတွေကို ပျော်စရာ အနေနဲ့ကျွန်တော်မရေးဘူး။ အဆိုးမြင်လို့ပဲ ပြောပြောပေါ့ဗျာ” လို့ MPP ရဲမြင့်က ဆိုပါတယ်။

သရပါတံခါး နဲ့ဓမ္မရံကြီးဘုရားကို ရှုထောင့်အမျိုးမျိုးကနေ ကိုယ်ပိုင်ခံစားချက်တွေနဲ့ရေးဆွဲထားတဲ့ ပန်းချီကား ၅၀ ကျော်ကို စက်တင်ဘာ ၂၄ ရက်နေ့အထိပြသသွားမှာဖြစ်ပါတယ်။

ပန်းချီဆရာ MPP ရဲမြင့်ဟာ တကိုယ်တော် ပန်းချီပြပွဲ ၁၆ ကြိမ် ပြသထားပြီး သူ့ရဲ့ ကင်ဆာ၊ Van Gogh Vistis Bagan စီးရီးတွေဟာ ကျော်ကြားခဲ့ပါတယ်။ သူ့ရဲ့အနုပညာလက်ရာတွေကို စင်ကာပူအမျိုးသားပြတိုက်၊ မလေးရှား အမျိုးသားပြ တိုက်၊ ဂျပန်နိုင်ငံ ဖုကုအိုက အနုပညာ ပြတိုက်နဲ့ နိုင်ငံတကာပန်းချီပရိသတ်တွေက ဝယ်ယူစုဆောင်းထား တယ်လို့သိရပါတယ်။

The post သရပါတံခါး၊ ဓမ္မရံကြီးနဲ့ MPP ရဲမြင့်ရဲ့ ၁၇ကြိမ်မြောက် ပန်းချီပြပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles