Myanmar Idol season 3 ပြိုင်ပွဲမှာ ပရိသတ် အားပေးမှုကို တခဲနက် ရရှိလာပြီး ဆံပင်ရှည်ရှည်နဲ့ ထူးခြားတဲ့ ပုံစံကြောင့် အမျိုးသမီး ပရိသတ်များရဲ့ အထူးအားပေးခြင်းကို ခံရတဲ့ အဆိုရှင် နေခန့်မင်းသစ်က လွတ်လွတ်လပ်လပ် နေရတာ ကြိုက်ပြီး သူ့ရဲ့ ပုံစံကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော့်ကိုယ် ကျနော်လည်း အရင်က နေခန့်မင်းသစ်နဲ့ အခု နေခန့်မင်းသစ်နဲ့ မတူတော့ဘူးလို့ မသတ်မှတ်ထားဘူး။ ကိုယ့်ကိုယ်ကိုယ် Cele လို့လည်း မသတ်မှတ်ထားဘူး။ ကျနော့် နေထိုင်မှု ပုံစံကတော့ မပြောင်းလဲဘူး။ ဒီပုံစံတိုင်းလေးပဲ နေမှာပါ။ ကျနော်က လွတ်လွတ်လပ်လပ်နေထိုင်ရတာ ကြိုက်တယ်” လို့ နေခန့်မင်းသစ်က ပြောပါတယ်။
လတ်တလောမှာ နေခန့်မင်းသစ်က သီချင်းခွေအတွက် သီချင်း စစုနေပြီး ရှိုးပွဲတွေ ဆိုဖြစ်နေသလို အွန်လိုင်းကနေတော့ သီချင်းတင်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
“အခု လတ်တလောကတော့ အခွေတွက် သီချင်းစုနေတယ်။ ရှိုးပွဲလေးတွေ ဆိုဖြစ်တယ်။ အခွေတွက်ဖို့ အခုမှ တပုဒ်ပဲ စုရသေးပါတယ်။ ဘာမှ မလုပ်ရသေးပါဘူး။ အွန်လိုင်းကနေလည်း သီချင်း တင်ရတာ မကြိုက်ဘူး။ အခွေပဲ ထွက်ချင်တယ်။ တော်တော်များများက ပရိတ်သတ်နဲ့ မဝေးအောင် နေတယ်။ ကျနော်ကတေ့ာ အဲ့လိုကြီး မနေတတ်တာပေါ့။ တခါတလေ ၂ ရက်၊ ၃ ရက်လောက် လိုင်းပေါ်မတက်ရင်လည်း မတက်ဘူး။ လိုင်းပေါ်တက်ရင်လည်း ဘာမှ သိပ်မလုပ်ဘူး” လို့ နေခန့်မင်းသစ်က ပြောပါတယ်။
“သီချင်းတင်ဖို့တော့ မရှိဘူး။ တခါတလေ သီချင်းတွေဆိုတာ၊ အမေနဲ့ live လွှင့်တာလောက်ပဲ ရှိရင် ရှိတာပါ။ ပရိသတ်နဲ့ အလှမ်းမဝေးအောင် သီချင်းတင်တာတွေ မလုပ်ဘူး။ ငယ်တုန်းကတော့ သီချင်းတွေ ရေးဖြစ်တယ်။ ခုနောက်ပိုင်း မရေးဖြစ်တော့ဘူး။ ကျနော့် အခွေထဲမှာလည်း ကျနော်ရေးတဲ့ သီချင်း မပါလောက်ပါဘူး” နေခန့်မင်းသစ်က ဆိုပါတယ်။
အမေချစ် သားတယောက်ဖြစ်တဲ့ နေခန့်မင်းသစ်က Myanmar Idol သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်ရင်း ချစ်သူရရှိခဲ့ပြီး အချစ်ရေးမှာလည်း ကံကောင်းတယ်လို့ ဆိုပါတယ်။
“ကျနော်က တဦးတည်းသောသားမို့လို့ အမေက အရမ်းချစ်တယ်။ အမေ့ကိုလည်း အရမ်းချစ်တယ်။ အမေချစ်တဲ့သား တယောက်ပါ။ ကျနော့်အမေလည်း ဟုတ်တယ်။ သူငယ်ချင်းလိုလည်း ဟုတ်တယ်။ အကုန် တိုင်ပင်လို့ ရတယ်။ ရည်းစားကိစ္စကအစ အမေကို အကုန်ပြောပြတာ။ ချစ်သူလည်း ရှိပါတယ်။ အမေက သဘောကျပါတယ်။ ကျနော်ဘယ်သူ့ကို ချစ်ချစ် အမေက ချစ်မှာပါ။ ဟိုလူနဲ့မှ သဘောတူတယ်။ ဒီလူနဲ့မှ သဘောတူတယ်ဆိုပြီး အမေ့မှာ မရှိဘူး။ ချစ်သူက Myanmar Idol ပြိုင်ပွဲမှာ တွေ့တာပါ။ Myanmar Idol ဖူးစာပေါ့”လို့ နေခန့်မင်းသစ်က ပြောပါတယ်။
“အချစ်ရေးမှာ ကံကောင်းပါတယ်။ ကျနော့် ချစ်သူရဲ့ အချစ်ကို ခံရတော့ ကံကောင်းတာပေါ့။ ကျနော် ချစ်သူရှိလို့ဆိုပြီး ပရိသတ်တွေ အားမပေးမှာတော့ မစိုးရိမ်ပါဘူး။ ပရိသတ်တွေကလည်း ကျနော့် အနုပညာကိုပဲ အားပေးကြမှာပါ။ Personal နဲ့ အနုပညာကို ကျနော့် ပရိသတ်တွေက ရောမှာ မဟုတ်ပါဘူး”လို့ နေခန့်မင်းသစ်က ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ် – တကိုယ်တော်ခွေကို Idol လေးဖြူနဲ့ တိုင်ပင်ပြီး လုပ်ချင်တဲ့ နေခန့်မင်းသစ်
The post “ကျနော်ဘယ်သူ့ကို ချစ်ချစ် အမေက ချစ်မှာပါ” လို့ဆိုသူ နေခန့်မင်းသစ် appeared first on ဧရာဝတီ.