“Fantastic Beasts: The Crimes of Grindelwald” ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အမြည်းဗီဒီယိုမှာပါဝင်ခဲ့တဲ့ Nagini သရုပ်ဆောင်နဲ့ ပတ်သက်လို့ လူမျိုးရေးခွဲခြားမှုတွေရှိတဲ့အကြောင်း ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါ တယ်။
မကြာသေးခင်က ဖြန့်ချိလိုက်တဲ့ အဲဒီဗီဒီယိုထဲမှာ ကိုရီးယားမင်းသမီး Claudia Kim ဟာ Voldemort သခင်ကြီးအပါး မှာခစားရတဲ့ လူတပိုင်း မြွေတပိုင်းပုဂ္ဂိုလ်အဖြစ် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
အခုလိုမျိုး လူဖြူအမျိုးသားတဦးရဲ့ နှိပ်စက်ညှင်းဆဲမှုကိုခံရမယ့် အမျိုးသမီးတဦးဇာတ်ရုပ်နေရာမှာ အာရှအမျိုးသမီး သရုပ်ဆောင်တဦးကို အသုံးပြုလိုက်တာဟာ ပြဿနာဖြစ်တယ်လို့ တချို့လူတွေက ယူဆလာကြပါတယ်။
အဲဒီပြဿနာနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာသူက ရုပ်သံအစီအစဉ် တင်ဆက်သူနဲ့ ဟာသပညာရှင် Ellen DeGeneres ဖြစ်ပါတယ်။
သူက “ပထမဆုံး ပြောချင်တာက ဟယ်ရီပေါ်တာ ရုပ်ရှင်တွေက ကျမကို ကလေးကြိုက်စာအုပ်တွေကို ရေးစေဖို့ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အခုကိစ္စ ကတော့ ပြဿနာကြီးဖြစ်ပါတယ်။ လူတွေက ကုမ္ပဏီဖက်ကို ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာကို မမေးဘဲ လူဖြူတွေက ခွဲခြားမှုတွေ လုပ်ချင်ပါတယ်ဆိုတာ ပြဿနာတခုပါ”
“လူဖြူတယောက်ရဲ့ အိမ်မွေး တိရိစ္ဆာန်တကောင်ဖြစ်လာခဲ့မယ့် Nagini နေရာမှာ အာရှအမျိုးသမီးတဦးကို ထည့်သုံးတဲ့ကြားမှာ ဆက်စပ်မှု မရှိပါဘူး။ ကျမအခုပြောလိုတာက အဲဒီလိုမျိုး ပြောနေတာ လူမျိုးရေးဝါဒီသမားတွေသာ ဖြစ်ပါတယ်” လို့ စက်တင်ဘာ ၂၅ ရက်နေ့ Twitter မှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အလားတူ တုံ့ပြန်သူတွေထဲမှာ နာဇီမှော်ဆရာကြီးရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ် ကျိန်စာသင့်နေတဲ့ အာရှ အမျိုးသမီး ဖြစ်နေတယ်လို့ ပြောတာတွေက လူမျိုးရေးဝါဒီသမားတွေပါဆိုပြီး ပြောဆိုထားပါတယ်။
ဟယ်ရီပေါ်တာ ပရိသတ်တဦးကတော့ အခုလိုမျိုး Nagini နေရာမှာ ကိုရီးယားအမျိုးသမီးတဦးကို အသုံးပြုဖို့ JK Rowling က ဆုံးဖြတ်လိုက်တာကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ငယ်ဘဝဟာ လူမျိုးရေးခွဲခြားတဲ့ လူဖြူအမျိုးသမီးတဦးကြောင့် အချိန်တွေကုန်ခဲ့ရတာကို စိတ်မကောင်းဖြစ်မိခဲ့အကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
ဒါပေမယ့် ဗြိတိသျှစာရေးဆရာမ Rowling ကတော့ အဲဒီကိစ္စကို ကာကွယ်ပြောဆိုဖို့ လုံလောက်တဲ့ သုတေသနတွေ လုပ်ထားပုံရပါတယ်။
အဲဒီတုံ့ပြန်ပြောဆိုမှုတွေကို သူက “Naga ဆိုတာ အင်ဒိုနီးရှား ဒဏ္ဍာရီမှာ မြွေနဲ့တူတဲ့ ဒဏ္ဍာရီလာသတ္တဝါတမျိုးဖြစ်ပြီး ‘Nagini’ လို့လည်း ခေါ်ပါတယ်။ တခါတလေ သူတို့မှာ အတောင်ပံရှိတယ်။ လူတပိုင်းမြွေတပိုင်းဖြစ်တယ်ဆိုပြီး ဖော်ပြကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဂျာဗားလူမျိုး၊ တရုတ်လူမျိုးနဲ့ ဘတ်တာဝီလူမျိုးတို့အပါအဝင် ရာချီရှိတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပေါင်းစည်းထားပါတယ်” လို့ Rowling ကပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
မင်းသမီး Claudia Kim ဟာ “Avengers: Age of Ultron” ရုပ်ရှင်မှာ Helen Cho အဖြစ်နဲ့ “The Dark Tower” ရုပ်ရှင်မှာ Arra Champignon အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဟောလိဝုဒ်အနုပညာလောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
ဒါရိုက်တာ David Yates ရိုက်ကူးထားတဲ့ “The Crimes of Grindelwald” ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ကျရင် ရုံတင်ပြသတော့မှာပါ။
Ref: aceshowbiz
The post Nagini သရုပ်ဆောင်မယ့်သူကို အာရှမင်းသမီး ရွေးချယ်လိုက်လို့ J.K. Rowling ဝေဖန်ခံရ appeared first on ဧရာဝတီ.