မင်းသားကြီး Sylvester Stallone (စတားလုံး) ရဲ့ ရမ်ဘိုဇာတ်ရုပ်ကို အသစ်တဖန် ပြန်လည် မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။
မင်းသားကြီး စတားလုံးဟာ ရမ်ဘိုရုပ်ရှင်အသစ်မှာ ပါဝင်မယ့် သူရဲ့ နာမည်ကျော် ဇာတ်ကောင်ရဲ့ ပုံရိပ်အသစ်တချို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က Instagram အကောင့်ကနေပြီး ဝေမျှခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ်မင်းသားကြီးဟာ သူ့ရဲ့ ပုံကို ဝေမျှခဲ့ပြီးတော့ ပဉ္စမမြောက် Rambo ရုပ်ရှင်ကို ရိုက်ကူးနေပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပထမ ဓာတ်ပုံနဲ့ ပို့စ်မှာတော့ မင်းသားကြီးက “ဒီနေ့ ကျနော်တို့ ရိုက်ကူးရေးစပါပြီ” လို့ရေးသားခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ မင်းသားကြီး ရဲ့ ဇာတ်ကောင် ရမ်ဘိုဟာ မီးခိုရောင်ရှပ်အကျီ၊ ကောင်းဘွိုင်ဦးထုပ်၊ လက်အိတ်နဲ့ သားရေဘောင်းဘီတို့ကို ဝတ်ဆင်ထားတဲ့အတွက် ဒီနေ့ခေတ် ကမ္ဘာနဲ့ ရမ်ဘိုဟာ မတူကွဲပြားတဲ့ပုံစံနဲ့ နေထိုင်နေပြီဆိုတာ ပရိသတ်တွေအနေနဲ့ ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်ပါတယ်။
ဒုတိယမြောက်ပို့စ်မှာတော့ မင်းသားကြီးဟာ မြင်းကို စီးထားပြီး အနက်ရောင်ဝတ်ရုံရှည်နဲ့ အနက်ရောင် ဦးထုပ်ကို ဝတ်ဆင်ထားပါတယ်။ မျက်နှာကိုတော့ တဝက်သာ မြင်တွေ့ရပါတယ်။ ကြမ်းတမ်း၊ လွတ်လပ်တဲ့ မြင်းစီးသူရဲကောင်းတဦးအနေနဲ့ ရောက်လာပါပြီ။” လို့ ပုံစာ ရေးထားပါတယ်။
ဒါ့အပြင် မင်းသားကြီးဟာ အဲဒီဇာတ်ကောင်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန် ရရှိဖို့ လေ့ကျင့်ခန်း လုပ်နေတဲ့ ဗီဒီယိုတခုကိုလည်း Instagram မှာလည်း တင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ သူဟာ ဘောလုံးကို ပစ်မှတ်ကိုထိအောင် ပစ်နေစဉ်အတွင်း အိပ်ထမတင် လုပ်နေတဲ့ ဗီဒီယိုတခုကိုလည်း ဝေမျှခဲ့ပါတယ်။
အဲဒီဗီဒီယိုမှာတော့ “Rambo စတင်ဖို့ ငါးရက်သာလိုပါတော့တယ်။ ကျနော် သဘော မကျပေမယ့်လည်း ပြင်းထန်တဲ့ ဘက်ညီတဲ့ ခွန်အားတွေက ဝမ်းဗိုက်ကြွက်သားတွေနဲ့ အစပြုပါပြီ။ ဗိုက်မီးတောက်နေပြီ” လို့ ရေးသားခဲ့ပါတယ်။
မင်းသားကြီး စတားလုံးဟာ ၁၉၈၂ ခုနှစ်တုန်းက “First Blood” ဆိုတဲ့ ရုပ်ရှင်မှာ အမြဲ ပြဿနာတွေ နဲ့ ကြုံတွေ့နေရတဲ့ ဗီယက်နမ်စစ်ပြန် ဂျွန်ရမ်ဘိုအဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ပါတယ်။
၁၉၈၅ ခုနှစ်မှာ “Rambo: First Blood Part II”, ၁၉၈၈ ခုနှစ်မှာ “Rambo III” နဲ့ ၂၀၀၈ ခုနှစ်မှာ “Rambo” ရုပ်ရှင်တွေမှာလည်း ရမ်ဘိုအဖြစ် ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသားကြီးဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ရိုက်ကူးခဲ့ပြီး လာမယ့်နိုဝင်ဘာလ ၂၁ ရက်မှာ ဖြန့်ချိတော့မယ့် “Creed 2” ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – “Rambo 5” ရုပ်ရှင်မှာ ရမ်ဘိုအဖြစ် ပြန်လည်မြင်တွေ့ရဦးမယ့် မင်းသားကြီး Sylvester Stallone
Ref:people
The post မင်းသားကြီး Sylvester Stallone ပါဝင်မယ့် ပဉ္စမမြောက် Rambo ရုပ်ရှင် ရိုက်ကူးရေး စတင် appeared first on ဧရာဝတီ.