သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်ရဲ့ ပထမဆုံး သားဦးလေးကို မြင့်မြတ်ရဲ့ မွေးနေ့မှာပဲ ဇနီးဖြစ်သူက အမှတ်တရ မွေးဖွားပေးခဲ့တာဖြစ်ပြီး သားလေးကိုတော့ နာမည် မပေးရသေးဘူးလို့ မြင့်မြတ်က ဆိုပါတယ်။ သားလေးအတွက် ဘယ်လိုနာမည်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး မြင့်မြတ်က လက်ရှိ သားလေးအပေါ် ချစ်စနိုးခေါ်နေတဲ့ နာမည်ကိုလည်း အခုလို ပြောပြပါတယ်။
“နာမည်ကတော့ မပေးရသေးဘူး။ ပေးဖို့ လုပ်နေတယ်။ တိုင်ပင်ပြီးတော့မှ ပေးမှာပါ။ ကျနော် ပေးရင် ဒီကောင့်နာမည် ဗရမ်းဗတာတွေ ဖြစ်ကုန်မှာ။ အခုတော့ ကျနော်က ဒီကောင့်ကို ဆရာကြီးလို့ ခေါ်တယ်”
“ဆရာကြီးဆိုတာက ဒီကောင်နဲ့ ကျနော်က မွေးနေ့တူ မွေးတာလေ။ အဲဒီနေ့က မီဒီယာတွေလည်း အများကြီး လာကြတယ်။ ကျနော့်မွေးနေ့မှာ ကျနော့်မွေးနေ့အကြောင်း ဘယ်သူမှ မမေးကြဘူး။ သူ့အကြောင်းပဲ အကုန်တန်းစီပြီးမေးသွားကြတာ။ ဟာ ဒီကောင် မဆိုးဘူးပေါ့နော်။ မွေးတောင် မမွေးသေးဘူး။ မီဒီယာတွေ စောင့်နေကြတယ်ဆိုတော့ ဆရာကြီးပဲလို့။ ဒါနဲ့ပဲ ဆရာကြီးလို့ ခေါ်ဖြစ်တာ”လို့ မြင့်မြတ်က ပြောပါတယ်။
မြင့်မြတ်က ဖခင်တယောက် ဖြစ်လာတဲ့အခါ သားလေးအပေါ် သူ့ရဲ့ စိတ်ထားကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကျနော်ကတော့ သူ့ကို တဘဝလုံး ပျော်ပျော်ရွှင်ရွှင် ထားချင်တယ်။ သူ စိတ်ချမ်းသာရင်ပြီးရော ကျနော်ကတော့ ဘာမဆို လုပ်ပေးချင်တာပေါ့။ သူဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ၊ အကောင်းဆုံး ပံပိုးပေးချင်တယ်။ ကျနော်ကတော့ သူ့ကိုစိတ်ချမ်းသာအောင်ပဲ အမြဲကြိုးစားမှာဗျ။ ဆုံးမတာက သူ့အမေကိစ္စ၊ ကျနော်ကတော့ မြှောက်ပေးဖို့ပဲ”လို့ မြင့်မြတ်က ဆိုပါတယ်။
သားဖြစ်သူက မြင့်မြတ်ကို ပြောင်းလဲသွားစေသူလားဆိုတဲ့ အမေးကိုတော့ “အများကြီး ပြောင်းလဲစေတာပေါ့နော်။ အိမ်ပြန်ရင်လည်း တကယ်ကို အမောပြေစေပါတယ်။ မိန်းမကို မလွမ်းဘူး။ သားကို ပိုလွမ်းတယ်။ ဒီကောင်က လောလောဆယ်တော့ နို့စို့လိုက်၊ သေးပေါက်လိုက်၊ ပြန်အိပ်လိုက်၊ နိုးလိုက်၊ နို့စို့လိုက်၊ ပြန်အိပ်လိုက်ပေါ့”
“ဒီကောင်က နို့တအားဆွဲတော့ သူ့အမေ နို့မလောက်လို့ နို့ဗူး တိုက်ရတယ်။ ပျော်ဖို့ကောင်းတယ်ဗျ။ ကြည်နူးဖို့လည်း ကောင်းတယ်။ သေချာတာကတော့ အရင်တုန်းကဆို ရှုတင်ပြီးရင် အပေါင်းအသင်းတွေနဲ့ တောင်သွားလိုက်၊ မြောက်သွားလိုက်ပေါ့နော်။ စားလိုက်၊ သောက်လိုက် ရှိတာပေါ့။ အခုကတော့ အိမ်ပြန်ချင်တာပဲ များနေတယ်။ အဲဒါကတော့ သေချာတယ်”လို့ မြင့်မြတ်က ဖြေပါတယ်။
“အဖေတူသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ထက်ကို ကျနော်က ဒီကောင်နဲ့အတူ ပေါင်းပြီးကဲရရင် ကျေနပ်တယ်။ အဲဒီလိုပါပဲ။ ကျနော်က ဖခင်မေတ္တာကို နားလည်ပါတယ်။ ဒီကောင် မမွေးခင် ကတည်းကကို နားလည်တယ်။ ဒါပေမယ့် ဒီကောင်နဲ့ဆိုတော့ ပိုပြီးနားလည် လာတာပေါ့နော်။ သားတာဝန် ကျေခဲ့ပါတယ်။ ကိုယ်တတ်နိုင်တဲ့ အနေအထားမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်”လို့ မြင့်မြတ်က ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မွေးနေ့မှာ ဖခင်တယောက် ဖြစ်လာတဲ့ သရုပ်ဆောင် မြင့်မြတ်
The post သားဦးလေးကို “ဆရာကြီး” လို့ နာမည်ပေးထားတဲ့ မြင့်မြတ် appeared first on ဧရာဝတီ.