တက်သစ်စ မော်ဒယ်များစွာထဲကမှ နှုတ်ခမ်းနီမလေးများရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝ ရရှိထားတဲ့ မော်ဒယ် ညိမ်းသော်ကတော့ မော်ဒယ်စလုပ်စဉ်ကတည်းက သူ့ရဲ့နှာခေါင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေ အများကြီးရှိခဲ့ပေမယ့် အခုချိန်မှာတော့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပြီး အေးဆေးဖြစ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။
“နှာခေါင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာများလို့ နည်းနည်းတော့ စိတ်ညစ်တာပေါ့။ ဒါပေမယ့် အခုတော့ အေးဆေးဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ကိုဆိုရင် နှာခါင်းနဲ့ တွဲမြင်တာ ဆိုတော့ ပြောတဲ့သူတွေကို ကျနော့်ရဲ့ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ကြိုးစားမယ်။ ပြောတဲ့သူတွေကိုလည်း စိတ်မဆိုးဘူး။ စိတ်ထဲမှာလည်း မရှိတော့ဘူး။ အပြင်လူတယောက်ဆိုရင် ဘလိုင်းကြီး လာဖဲ့ရင်တော့ ကျနော်လည်း ပြန်ဖြဲမှာပေါ့။ ဒါပေမယ့် ကျနော်က သရုပ်ဆောင်ဆိုတော့ သူတို့ပြောသမျှ ခံရတယ်” လို့ ညိမ်းသော်က ပြောပါတယ်။
ဝေဖန်ခံရခဲ့စဉ် အစပိုင်းမှာတော့ နှာခေါင်းကို ပြင်ဖို့အတွက် စိတ်ကူးရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ညိမ်းသော်ကို နှာခေါင်းနဲ့ ပတ်သက်ပြီး တွဲမြင်တာတွေ ရှိလာတဲ့အတွက် မပြင်ဖြစ်တော့ဘူးလို့ ပြောပါတယ်။
“အနုပညာစလုပ်တည်းက နောက်မှာ ဆဲတဲ့သူတွေက တန်းစီနေပြီ။ အဲဒီတုန်းကဆို ငိုတောင် ငိုမိသေးတယ်။ ဒါပေမယ့် ကိုယ့်ထက်စီနီယာတွေတောင် ပြောတာခံနေရသေးတာပဲ။ ကျနော်တို့က အနုပညာသမား၊ သူတို့ (ပရိသတ်) မှာ ဝေဖန်ပိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် ကိုယ်က ဘယ်ဟာကို ယူမလဲ ဆိုတာကို ခွဲခြားတတ်ဖို့ပဲ လိုတယ်” လို့ ညိမ်းသော်က ပြောပါတယ်။
ညိမ်းသော်ကတော့ မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံးအနေနဲ့ သရုပ်ဆောင်စတင်လုပ်ခဲ့ပါတယ်။ အဆိုပါ “ည” ရုပ်ရှင်ကားကလည်း သူ့ဘဝရဲ့ မှတ်တိုင်တခုဖြစ်ခဲ့ပြီး ပိုမိုပြီးတော့လည်း ပရိသတ် အားပေးမှုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“‘ည’ရုပ်ရှင်က ကျနော်ဘဝရဲ့ မှတ်တိုင်တခုလို့ ပြောရမယ်။ ကျနော်က မော်ဒယ်ဘက်မှာပဲ အခြေကျနေပြီ။ အသစ်တယောက်အနေနဲ့ အရွေးခံခဲ့ရတဲ့အတွက် ဒါရိုက်တာကို ကျေးဇူးတင်တယ်။ ဒီကားရိုက်ပြီးတော့ ကျနော့်အနေနဲ့ တော်တော်ပြောင်းလဲသွားတယ်။ လမ်းကြောင်းတခုပေါ် ရောက်သွားတယ်။ ကျနော် ကြော်ငြာတွေ အများကြီး ရိုက်ရတယ်။ နောက်ထပ် ဇာတ်ကားတွေ အများကြီး ရိုက်ဖို့ရှိတယ်။ ‘ည’ ကတော့ကျနော့်အတွက် အပြောင်းလဲကြီး ပြောင်းလဲတယ်ပေါ့” လို့ ညိမ်းသော်က ဆိုပါတယ်။
နောက်လထဲမှာလည်း ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့် သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဇာတ်လမ်းတွဲရိုက်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။
“နောက်လထဲမှာ ဒါရိုက်တာ ဗန်းကြီးနဲ့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတယ်။ နောက်လမှာ စရိုက်မယ်။ ပြီးရင် ဇာတ်လမ်းတွဲရိုက်ဖို့ ရှိပါသေးတယ်။ ကျနော့်ကိုဆိုရင် ရုပ်က နည်းနည်းနုတယ်။ အိုက်တင်အတွက် အားမသာသေးဘူး ထင်ကြတယ်။ အဲဒီအတွက်ကို ကျနော်က လုပ်ပြချင်တယ်။ နောက်ရိုက်မယ့် ဇာတ်ကားဆိုရင် လုံးဝ ဒရာမာဆိုတော့ ကျနော့်အတွက် စိန်ခေါ်မှုတွေများတယ်။” လို့ ညိမ်းသော်က ပြောပါတယ်။
The post နှာခေါင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရတဲ့ မော်ဒယ် ညိမ်းသော် appeared first on ဧရာဝတီ.