ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီး Meghan Markle တို့ဟာ ပထမဆုံးရင်သွေးကို ရရှိတော့မှာ ဖြစ်ကြောင်း Kensington နန်းတော်က အတည်ပြုလိုက်ပါတယ်။
အို့ဇ်၊ ဖီဂျီ၊ တွန်ဂါနဲ့ နယူးဇီးလန်နိုင်ငံတွေကို ၁၆ ရက်ကြာ တော်ဝင် ခရီးစဉ်အနေနဲ့ ထွက်လာခဲ့တဲ့ သူတို့ဇနီးမောင်နှံဟာ အခုတော့ သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး ရင်သွေးလေးကို ၂၀၁၉ ခုနှစ် နွေဦးပေါက်ကာလမှာ မွေးဖွားနိုင်လိမ့်မယ် လို့ မျှော်လင့်ရပါတယ်။
ပြောရေးဆိုခွင့်ရှိသူတဦးက “Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ မြို့စားကတော်က လာမယ့် ၂၀၁၉ ခုနှစ်၊ နွေဦးပေါက်ကာလမှာ ရင်သွေးလေးတဦးကို မွေးဖွားတော့မယ်လို့ ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက သူတို့ရဲ့ လက်ထပ်ပွဲကစလို့ ကမ္ဘာတဝန်းက ပြည်သူတွေထံကနေ ရရှိခဲ့တဲ့ ထောက်ခံ အားပေးမှုတွေကို တော်ဝင်ဇနီးမောင်နှံက ဂုဏ်ယူပြီး ပြည်သူထံကိုလည်း ဒီ ပျော်ရွှင်ဖွယ်ရာ သတင်းကို ဝေမျှနိုင်ဖို့ ပျော်ရွှင်မိပါတယ်”
“ဘုရင်မကြီး၊ Edinburgh မြို့စားကြီး၊ ဝေလမင်းသား၊ Cornwall မြို့စားကတော်၊ Cambridge မြို့စားနဲ့ မြို့စားကတော်တို့က သူတို့စုံတွဲအတွက် ပျော်ရွှင်မိပြီး ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာလ ၁၂ရက်) မှာ ပြုလုပ်ခဲ့တဲ့ လက်ထပ်ပွဲမှာ သူတို့ကို ဂုဏ်ပြုနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Meghan ရဲ့ မိခင် Doria Ragland ကလည်း ပျော်ရွှင်နေတဲ့အကြောင်းကို “မစ္စစ် Ragland ဟာဒီချစ်စဖွယ် သတင်းနဲ့ ပတ်သက်လို့ တော်တော်လေး ပျော်ရွှင်နေပြီး သူတို့ရဲ့ ပထမဆုံးမြေးလေးကို ကြိုဆိုဖို့ မျှော်လင့် နေပါတယ်” လို့ ကြေညာချက်တခုထဲမှာ ဖော်ပြထားပါတယ်။
အသက် ၃၇ နှစ်အရွယ် Sussex မြို့စားကတော် မင်းသမီး Meghan ဟာ ကိုယ်ဝန် ၁၂ ပတ်ဝန်းကျင်ရှိနေပြီလို့ ယုံကြည်ရပါတယ်။ အဲဒီရင်သွေးလေးဟာ အသက် ၃၄ နှစ်အရွယ် မင်းသားဟယ်ရီ၊အသက် ၅ နှစ်အရွယ် မင်းသားလေး ဂျော့ချ်၊ အသက် ၃ နှစ်အရွယ် မင်းသမီးလေး ချာလော့တီနဲ့ အသက် ၅ လသားအရွယ် မင်းသားလေး လူးဝစ်တို့ရဲ့ အနောက်မှာ သတ္တမမြောက်ထီး နန်းဆက်ခံသူအဖြစ် ရပ်တည်မှာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ တော်ဝင်နန်းတော်က ဒီသတင်းကို ကြေညာလိုက်ပြီးတဲ့နောက် Twitter မှာ တော်ဝင်မိသားစုကို ချီးမွန်းထောမနာပြုတဲ့ သတင်းစကားတွေ ပျံ့နှံ့ခဲ့ပါတယ်။
မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် Meghan တို့ဟာ လက်ရှိမှာ သူတို့ရဲ့ သြစတေးလျခရီးစဉ်ကို ရှေ့ဆက်မှာဖြစ်ပြီး Taronga တိရိစ္ဆာန်ဥယျာဉ်ကိုလည်း သွားရောက်ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီနောက် တွန်ဂါနိုင်ငံကို သွားရောက်ပြီး ဘုရင် Tupou VI နဲ့ မိဖုရား Nanasipau’u တို့နဲ့ ညစာသုံးဆောင်ဖို့ စီစဉ်ထားပါတယ်။
သူတို့နှစ်ဦးဟာ ဆစ်ဒနီမြို့ရဲ့ Invictus Games ပြိုင်ပွဲကိုလည်း တက်ရောက်မှာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ရောက်မှသာ လန်ဒန်မြို့ကို ပြန်မှာဖြစ်ပါတယ်။
Ref: etcanada
The post ရင်သွေးလွယ်ထားရပြီလို့ အတည်ပြုလိုက်တဲ့ တော်ဝင်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.