အနုပညာပျိုးခင်းကနေတဆင့် အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်နေတဲ့ သရုပ်ဆောင် ရွှေသမီးဟာ “တော်တော်ဖြစ်နေလား” ရုပ်ရှင်မှာ မြင့်မြတ်နဲ့ အတူ တွဲဖက်ပြီး ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရွှေသမီးက ဇာတ်ကားတကားရိုက်တော့မယ်ဆိုရင် ဇာတ်လမ်းကိုကြည့်ပြီး လက်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။
“ဇာတ်ကားတကား ရိုက်တော့မယ်ဆိုရင် ဇာတ်လမ်းကိုကြည့်ပြီး လက်ခံတယ်။ ဇာတ်လမ်းလေးဆန်းတယ်။ ပရိသတ်လည် းကြိုက်မယ်။ ကိုယ်တိုင်လည်း ဇာတ်လမ်းကို ကြိုက်မယ်။ ကာရိုက်ကိုလည်း ကြိုက်တယ်ဆိုရင် လက်ခံဖြစ်တယ်။ scene နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဒီကာရိုက်တာကိုကြိုက်တယ်ဆိုရင် လက်ခံပြီး ရိုက်ကူးဖြစ်တယ်”လို့ ရွှေသမီးက ပြောပါတယ်။
“တော်တော်ဖြစ်နေလား ကားထဲမှာ ဟာသလေးတွေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဟာသကားရိုက်နေရရင် စိတ်ကပျော်နေတာ။ အားလုံးနဲ့ ရိုက်ရတာ အရမ်းအဆင်ပြေတယ်။ အိုက်တင်အရမ်းလုပ်ယူရတာမရှိဘူး။ ဒီကားကို ပရိသတ်တွေ သွားမကြည့်ရသေးဘဲနဲ့ Trailer လေးကြည့်ပြီး အားပေးကြတယ်။ ဒီကားနာမည်လေး ‘တော်တော်ဖြစ်နေလို့ပါကွာ’ ဆိုပြီး သုံးလာကြတယ်။ ကိုမြင့်မြတ်နဲ့ လင်မယား လူငယ်စုံတွဲ သရုပ်ဆောင်ထားတယ်” လို့ ရွှေသမီးက ပြောပါတယ်။
ဆက်လက်ပြီး ရွှေသမီးက စီနီယာဖြစ်တဲ့ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ တွဲဖက် သရုပ်ဆောင်ရတဲ့အပေါ်ကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကိုမြင့်မြတ်နဲ့ တွဲရိုက်ရတဲ့ ခံစားချက်က အစ်ကိုက အပြင်မှာလည်း ပျော်ပျော်နေတတ်တယ်။ အငယ်တွေကိုလည်း ဆွဲခေါ်ပေးတယ်။ တယောက်တည်း ကောင်းဖို့ အဲ့လိုတွေ မရှိဘူး။ အဲဒါတွေက ချစ်ဖို့ကောင်းတယ်။ ကိုမြင့်မြတ်နဲ့ လက်တွဲပြီး လုပ်ကိုင်ရတာ ပျော်ပါတယ်” လို့ ရွှေသမီးက ဆိုပါတယ်။
ရွှေသမီးဟာ ဒါရိုက်တာ ကျော်သားကြီးရိုက်ကူးတဲ့ “တော်တော်ဖြစ်နေလား” ရုပ်ရှင်မှာ ကျော်ရဲအောင်၊ မြင့်မြတ်၊ ညီထွဋ်ခေါင်၊ ခေးဆက်သွင်တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရွှေသမီးဟာ အနုပညာပျိုးခင်းကနေလည်း အနုပညာလောကထဲကို ရောက်ရှိလာပြီး အနုပညာပျိုးခင်းကနေစင်တင်ပေးခဲ့တဲ့ မင်းသမီးတယောက်ဖြစ်ပါတယ်။
ရွှေသမီးက မကြာခင် ရုံတင်ပြသတော့မယ့် “တည်ကြက်” ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သရုပ်ဆောင် အကယ်ဒမီ နေတိုးနဲ့အတူ တွဲဖက် သရုပ်ဆောင်ထားပါသေးတယ်။
The post ဇာတ်လမ်းထဲက ကာရိုက်တာကို သဘောကျရင် ဇာတ်ကားတွေ လက်ခံရိုက်ကူးဖြစ်တဲ့ ရွှေသမီး appeared first on ဧရာဝတီ.