မြန်မာဂီတလောကရဲ့ မျက်နှာသစ်ပါရမီရှင်ဖြစ်တဲ့ ယွန်းနီကိုဟာ မကြာသေးခင်က အွန်လိုင်းကနေ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ သီချင်းအသစ် Old school၊ New school hip hop နဲ့ အီလက်ထရွန်းနစ် တေးဂီတတို့ကို ပေါင်းစပ် ဖန်တီးထားတဲ့ ‘B’ ကို ထုတ်ဝေပြီးနောက် လူငယ်တွေအကြား စတင် ရေပန်းစားလာပြီး အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။
အခုလာမယ့် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပ ပြုလုပ်မယ့် ဟစ်ဟော့ပ် ရှိုးပွဲမှာ ပြည်တွင်းက နာမည်ကျော်တွေနဲ့အတူ စင်မြင့် တခုတည်းပေါ်မှာ လူအများ အာရုံစိုက်ခံရတဲ့ အနုပညာရှင်တယောက်အဖြစ် ဖျော်ဖြေသွားတော့မှာပါ။
သူ့ရဲ့ တရားဝင် ဖေ့ဘွတ်စာမျက်နှာမှာ ‘B’ ကို တင်လိုက်ပြီး မကြာခင်မှာပဲ စုစုပေါင်း React ၄၁၀၀ ကျော်၊ ကြည့်ရှုသူ ၁၁၉၀၀၀ နဲ့ Share လုပ်တဲ့သူ ၂၀၀၀ ကျော် ရရှိခဲ့ပါတယ်။
အရင်နှစ်တွေကတည်းက ယွန်းနီကိုဟာ သူ့ရဲ့ သီချင်းတွေ၊ Music video တွေကို သူ့ရဲ့ ဖေ့ဘွတ်ပေ့ချ်တွေမှာ တင်ခဲ့သလို၊ ဘားတွေမှာ လုပ်တဲ့ ရှိုးပွဲတွေ၊ Event တွေမှာလည်း သီချင်းတွေဆိုနေခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ ပါရမီနဲ့ အစွမ်းအစကို လူတွေက သိပ်သတိမပြုမိ ခဲ့ကြပါဘူး။
သူရဲ့ နောက်ဆုံးသီချင်း ထွက်ရှိပြီးချိန်မှာတော့ လူအများအကြား ကျော်ကြားမှုနဲ့အတူ အောင်မြင်မှု မဟာခြေလှမ်း နောက်တခုကို လှမ်းနိုင်ခဲ့ပြီး ဂျေမီ၊ ရန်ရန်ချမ်း၊ ဂျီတုန်းအပြင် တခြားနာမည်ကျော်များ ပါဝင်တဲ့ အခု အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် ‘The Takeover’ ဆိုတဲ့ ဟစ်ဟော့ပ်ရှိုးပွဲမှာ ပါဝင် ဖျော်ဖြေရ တော့မှာပဲ ဖြစ်ပါတယ်။
ဆိုတော့ ယွန်းနီကို ဘယ်သူလဲ။
ယွန်းနီကိုကို လွန်ခဲ့တဲ့ ၂၁ နှစ်က ရန်ကုန်မှာ မွေးဖွားခဲ့ပြီး တနှစ်သမီးအရွယ်မှာတော့ သူတို့မိသားစုဟာ ဆိုက်ပရပ် နိုင်ငံကို ပြောင်းသွားခဲ့ပြီး အဲဒီ နိုင်ငံမှာပဲ ပညာသင်ကြားကာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။
“အဖေ့အလုပ်ကြောင့် ညီမတို့ ဆိုက်ပရပ်ကို ပြောင်းခဲ့ပြီး အဲဒီမှာ ၁၇ နှစ် နီးပါးနေခဲ့တယ်။ အခု မိသားစုက မြန်မာနိုင်ငံကို ပြန်ပြောင်းလာပြီး အခု ဒီမှာရောက်နေတာ” လို့ ဆံပင်အနက် အရှည်၊ နှုတ်ခမ်း၊ နှာခေါင်းနဲ့ နားတို့မှာ အပေါက်ဖောက်ထားပြီး လက်နှစ်ဖက်မှာလည်း တက်တူး အသေးလေးတွေကို အများအပြား ထိုးထားတဲ့ ယွန်းနီကိုက ပြောပါတယ်။
အသက် ၂၁ နှစ်ရှိပြီဖြစ်သော ယွန်းနီကိုက မြန်မာနိုင်ငံ ဂီတလောကမှာ လူသစ်ဖြစ်ပေမယ့် YouTube နဲ့ အွန်လိုင်းပေါ်က မြန်မာ ပရိသတ်တွေ ကြားမှာတော့ ဘီ သီချင်းနဲ့ လူသိများတဲ့ ထွန်းသစ်စ ကြယ်ပွင့်သစ် ဖြစ်ပါတယ်။
သူမရဲ့ ၁၃ နှစ်မြောက် မွေးနေ့မှာ ဖခင်ဖြစ်သူရဲ့ သူငယ်ချင်းဖြစ်သူက ဂစ်တာတလက် လက်ဆောင်ရခဲ့ပြီး “တနေ့ကျရင် ဒီဂစ်တာကို တီးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်သီချင်းတွေကို ဆိုမယ်” လို့ ကတိပေးခဲ့ရာကနေ ဂီတခရီး စတင်ခဲ့ခြင်း ဖြစ်ပါတယ်။
“ညီမ အရင်ကတည်းက သီချင်းတွေကို ကြိုက်တယ်၊ စိတ်ဝင်စားတယ်။ ဒါပေမယ့် ဒီလက်ဆောင်ကိုရတော့မှ သီချင်းတွေကို ဖန်တီးချင်တယ်၊ ဆိုချင်တယ် ဆိုတာကို သေသေချာချာ သိလိုက်တယ်” လို့ သူက ပြောပါတယ်။
အဲဒီနောက်မှာတော့ ယူကျု ဗီဒီယိုတွေကနေ တဆင့် ဂစ်တာတီးသင်ခဲ့ပြီး ပထမဆုံး ရန်ကုန်ကို ပြန်လာလည်တဲ့ အခါမှာ သူ့ရဲ့ ပထမဆုံးသီချင်းဖြစ်တဲ့ Boy ကို စတင်ရေးသားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီတုန်းက အသက် အတိအကျကိုတော့ မမှတ်မိတော့ဘူး။ ၁၆ နှစ်၊ ၁၇ နှစ်လောက်ဖြစ်မယ်။ မြန်မာနိုင်ငံကို ပြန်လာလည်ရင်း ဆိုက်ပရပ်မှာ ကျန်ခဲ့တဲ့ လူတယောက်ကို သတိရလို့ အဲဒီသီချင်းကို သူ့အတွက် ရေးလိုက်တာ” လို့ ပြောပါတယ်။
Boy က လှပတဲ့ Indie အချစ်သီချင်း တပုဒ်ဖြစ်ပြီး သီချင်းတပုဒ်လုံးရဲ့ သီချင်းစာသားတွေကို အင်္ဂလိပ်လို ရေးထားတာ ဖြစ်ပါတယ်။ သူရဲ့ တခြားသီချင်းတွေ အားလုံးကလည်း အင်္ဂလိပ်စာသားတွေနဲ့ ရေးစပ်ထားတာ တွေပဲ ဖြစ်ပေမယ့် B သီချင်းကတော့ အင်္ဂလိပ်နဲ့ မြန်မာစာသား နှစ်မျိုးစလုံးနဲ့ ရေးစပ်ထားတဲ့ သီချင်းပါ။
“ညီမက မြန်မာစာကို မရေးတတ်၊ မဖတ်တတ်ပါဘူး။ အိမ်မှာတော့ မြန်မာလို ပြောဖြစ်နေတော့ ဒီလောက်ထိ ပြောနိုင်နေတယ်။ ဆိုက်ပရပ်မှာကလည်း ကျောင်းတက်နေရတယ်၊ ကျောင်းမှာကလည်း အင်္ဂလိပ်လိုပဲ သုံးကြပြီး အချိန်လည်း မရှိတော့ သင်ဖို့အခွင့်အရေးက မရခဲ့ဘူး။ မြန်မာစကားတော့ ပြောတတ်တယ်။ အရမ်း ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ဘူး။ ဒါကြောင့် ညီမရဲ့သီချင်းအများစုက အင်္ဂလိပ်လိုဖြစ်နေတာ” လို့ သူက ရှင်းပြပါတယ်။
အခုတော့ မြန်မာသီချင်းတွေ ရေးချင်တာကြောင့် မြန်မာစာကို အခြေခံကစပြီး သင်ယူနေပြီ လို့လည်း ဆိုပါသေးတယ်။
“ညီမလည်း သီချင်းတွေကို မြန်မာလို ဆိုချင်တယ်။ အဲဒါကြောင့် အခုမြန်မာစာသင်နေပြီ။ တကယ်လို့ မြန်မာစာ သာရေးတတ်ရင် အရမ်းကောင်းတဲ့ သီချင်းတွေ ဖန်တီးနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံတယ်” လို့ ယွန်းနီကိုက ပြောပါတယ်။
သူ့ရဲ့ သီချင်းတွေနဲ့ သံစဉ်၊ စာသားတွေ အားလုံးက ကိုယ်ပိုင်ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။
“ဆိုက်ပရပ်မှာ နေတုန်းက ကျောင်းတက်နေရတော့ သီချင်းတွေလုပ်ဖို့ အခွင့်အလမ်းမရဘူး။ အဲဒီတုန်းက သူများ သီချင်းတွေကို Cover ပြန်ဆိုပြီး ညီမရဲ့ ယူကျု လိုင်းမှာ တင်ဖြစ်တယ်။ ရန်ကုန်ကို ရောက်လာတဲ့ အခါကျတော့ ညီမ အမြဲတမ်းလိုလို စိတ်က ရှုပ်ထွေး ပူပန်နေတယ်၊ အလိုမကျဘူး။ အဲဒီခံစားချက်တွေက သီချင်းတွေ ဖြစ်သွားတယ်” လို့ ဆိုပါတယ်။
ရန်ကုန်သို့ ပြန်လည်ရောက်ရှိခါစမှာ ပြင်းထန်တဲ့ ယဉ်ကျေးမှု ကွာဟချက်ကို ကြုံရပြီး လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရာမှာ ခက်ခဲခဲ့တယ်လို့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
“သိတဲ့အတိုင်း ယဉ်ကျေးမှုခြင်းက မတူဘူး။ လူတွေက ရိုးသားတယ်။ ဒါပေမယ့် ပြောဆိုဆက်ဆံရတာ၊ Communicate လုပ်ရတာက ခက်တယ်။ လူတိုင်းတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအချိန် ညီမမှာ သူငယ်ချင်းလည်း မရှိဘူး။ ဆွေမျိုးတွေနဲ့ကလည်း ရင်းရင်းနှီးနှီးမရှိဘူး။ အဲဒီတုန်းက နေ့ရက်တွေကတော့ ခက်ခဲခဲ့တယ်။ အခုတော့ အဆင်ပြေသွားပါပြီ။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း နေသားကျလာပြီး Music လုပ်တဲ့ သူငယ်ချင်း တွေလည်း ရှိလာပြီ။ ဆိုက်ပရပ်ကို ပြန်မသွားချင်တော့ဘူး” လို့ မြန်မာပြည် ပြန်ရောက်စအချိန်က အခက်အခဲတွေကို ပြောပြပါတယ်။
မကြာသေးခင်နှစ်တွေမှာ ယူကျုနဲ့ ဖေ့ဘွတ်ပေါ်မှာ သူ့ရဲ့ သီချင်း ၇ ပုဒ်နီးပါး ထွက်ရှိထားပြီး သီချင်းတပုဒ်နဲ့ တပုဒ်ကတော့ အမျိုးအစားတွေ မတူညီကြပါဘူး။
“ညီမက ဘယ်ဂီတအမျိုးအစားကို လုပ်ပါတယ်လို့ ခေါင်းစဉ်မတပ်ချင်ဘူး။ မတူတဲ့ သီချင်းအမျိုးအစားတွေကို ပေါင်းစပ်ပြီး နောက်ထပ် ဂီတအမျိုးအစားသစ်ကို ဖန်တီးချင်တယ်။ ညီမကြိုက်တာ ဆိုရင်တော့ ဟစ်ဟော့ပ်နဲ့ R&B ပေါ့။ ဒါပေမယ့်လည်း ညီမရဲ့ စိတ်ခံစားမှုပေါ်မှာ မူတည်နေတယ်” လို့ ပြောပါတယ်။
“ညီမ ဖန်တီးထားတာ သီချင်း ခြောက်ပုဒ်၊ ခုနှစ်ပုဒ်လောက်ပဲ ရှိသေးတယ်။ ထပ်ပြီးတော့ လုပ်ချင်သေးတယ်။ ပြီးတော့ အချိန်ကောင်းကို စောင့်ရင်း ညီမသီချင်းတွေကို ပြန်ပြီး Re-produce လုပ်ဖို့ Producer ကောင်းကို စောင့်နေတာ။ ဒီနှစ်ကုန်၊ ဒါမှမဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ညီမ EP Album ထွက်နိုင်အောင် လုပ်သွား မှာပါ” လို့ ဘာကြောင့် အခုထိ သီချင်းအယ်ဘမ်လ် မထွက်သေးရတယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။
EP album မထွက်ခင်မှာတော့ သူ့ကို လူတွေ ပိုသိအောင် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိုပြီး သီချင်းတွေကို Promote လုပ်သွားမယ်လို့လည်း သူကပြောပါတယ်။
“တကယ်လို့ လူတွေက ညီမကို မသိဘူးဆိုရင် အခွေထုတ်ရင်လည်း အလကားပဲ ဖြစ်သွားမယ်။ ဘယ်သူကမှ အခွေကို ဝယ်မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။
အဲဒီနောက်မှာတော့ သူ့အနေနဲ့ သီချင်းတပုဒ်ကို အာရုံစူးစိုက်ပြီး တစိုက်မတ်မတ် အပြီးသတ်ပါက အချိန်သိပ်မယူရပေမယ့် တခါတရံ အာရုံများနေရင်တော့ အချိန်ပိုကြာသွားတတ်တယ်လို့လည်း သူက ပြောပြခဲ့ပါသေးပါတယ်။
“ပြီးတော့ ညီမက အရမ်းမလောချင်ဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်လေးပဲ သီချင်းတွေ လုပ်နေရင်း ဘယ်ဂီတ အမျိုးအစားကို သဘောကျတယ်၊ ညီမနဲ့လိုက်တယ် ဆိုတာကို ရှာဖွေသွားမယ်။ ညီမက အခုချိန်မှာ အားလုံးကို စမ်းသပ်ပြီး လုပ်ကြည့်နေတဲ့အဆင့်ပေါ့” လို့ ပြောပါတယ်။
ဥပမာအနေနဲ့ ပေါ့ပ်သီချင်းဆိုပြီး စလုပ်လိုက်ပေမယ့် တကယ်တမ်း နောက်ဆုံး အားလုံးပြီးသွားတဲ့အခါ R&B သီချင်း ဖြစ်ချင်ဖြစ်သွားတတ်ကာ အရာအားလုံးဟာ သူ့ရဲ့ စိတ်ခံစားချက်ပေါ် မူတည်နေတယ်လို့ သူက ဥပမာပေး ရှင်းပြပါတယ်။
“ရည်မှန်းတာနဲ့ ဖြစ်လာတာ ကွာပေမယ့် ညီမကတော့ နောက်ဆုံးရလဒ်ကို ကြိုက်နေတုန်းပဲ။ အဲဒါကြောင့် ညီမ သီချင်းတွေကို ညီမရဲ့ စိတ်ခံစားမှုတွေနဲ့ ဖန်တီးတယ်” လို့ သူကဆိုပါတယ်။
မြန်မာ ဟစ်ဟော့ပ် လောကမှာ အမျိုးသမီး အဆိုတော် အနည်းငယ်သာရှိပြီး လူအများစုက Street Style Music တွေ ဖန်တီးတဲ့ အမျိုးသမီးတွေကိုဆို အထင်သေးချင်ကြပါတယ်။ ယွန်းနီကိုလည်း အဲဒီလိုမျိုး ခွဲခြား ဆက်ဆံတာတွေကို သူ မျူးဇစ် စလုပ်ချိန်မှာ တွေ့ကြုံခဲ့ရပါသေးတယ်။
“ဟစ်ဟော့ပ်တို့၊ ရက်ပ် တို့ ဆိုတာ အမျိုးသားတွေ အတွက်ပဲဆိုတာမျိုးမှ မရှိတာ။ အမျိုးသမီးတွေလည်း လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိတယ်။ ညီမကတော့ ညီမလုပ်ချင်တာ လုပ်တာပဲ။ အမျိုးသမီးတွေဟာ ဘယ်လောက် ကြံ့ခိုင်တယ် ဆိုတာမျိုးကို ညီမလုပ်ပြချင်တယ်။ အဲဒါ အဓိကအချက်ပဲ၊ ညီမရဲ့ ရည်မှန်းချက်ပေါ့” လို့ ယွန်းနီကိုက ဆိုပါတယ်။
ဘယ်လောက်ပဲ ကောင်းတာတွေ လုပ်နေနေ၊ ကိုယ့်ကို မကြိုက်တဲ့လူကတော့ မကောင်းတာပဲ ပြောနေမှာ ဖြစ်တာကြောင့် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ပါလို့လည်း သူကပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းက Music Management Agency ဖြစ်တဲ့ 360beatz မှာ သူက အလုပ်လုပ်နေတာဖြစ်ပြီး သူ့ရဲ့ နေ့စဉ် ဘဝနဲ့ လုပ်နေသမျှအရာအားလုံးမှာ မျူးဇစ်က ပါဝင်ပတ်သက်နေပါတယ်။
“ဒီနေ့ မြန်မာဂီတလောကက နောက်ကျကျန်နေသလိုမျိုး ဖြစ်နေပေမယ့် ဒီအတွက်ဘယ်သူ့ကိုမှ အပြစ်တင်လို့လည်း မရဘူးလေ။ အခု ညီမတို့နိုင်ငံက တိုးတက်ပြောင်းလဲနေတဲ့ အချိန်ပေါ့။ မျိုးဆက်သစ်တွေ၊ လူငယ်တွေကလည်း အသစ်အဆန်းတွေကို လုပ်နေကြပြီ။ အယောက်စီ တိုင်းမှာ အစွမ်းအစ၊ အရည်အချင်းတွေ ရှိတယ်လို့ ညီမ ထင်တယ်။ တယောက်နဲ့ တယောက် တိုက်ခိုက်နေတာက အချိန်ုဖြုန်း တာပဲ။ အားလုံး အတူတူ ဒီလောကကို တိုးတက်အောင် လုပ်တာကမှ ပိုကောင်းတာ” လို့လည်း သူက လက်ရှိ ဂီတလောကနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
လက်ရှိမှာ Mainstream ဂီတလမ်းကြောင်းပေါ်က ဂီတသမားတွေကလည်း သူတို့လုပ်စရာရှိတာကို ကောင်းအောင် လုပ်နေကြပေမယ့် ယွန်းနီကို အနေနဲ့တော့ မျုးဇစ်နဲ့ ပတ်သက်လာရင် ပိုရူးသွပ်ပြီး ပါရမီကော စိတ်အား ထက်သန်မှုတွေပါ ပိုတဲ့ Underground ဂီတလောကမှ လူတွေနဲ့ ပိုပြီးတော့ သီချင်းတွေ အတူတူ တွဲလုပ်ချင်တယ်လို့ ဆိုပါတယ်။
သီချင်းတွေကို တတ်နိုင်သမျှ အကောင်းဆုံး ဖန်တီးကာ သူဖန်တီးထားတဲ့ သီချင်းတွေကို ပြည်တွင်းမှာသာမက၊ နိုင်ငံတကာကပါ သတိထားမိ စေချင်တယ်၊ သိစေချင်တယ်လို့လည်း သူကပြောပါတယ်။
“တနေ့မှာ ညီမရဲ့ ရည်မှန်းချက်တွေကို ညီမလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့်လည်း ညီမ အခုချိန်မှာ မလောဘူး။ ညီမကြိုးစားရင် ကြိုးစားသလိုဖြစ်မယ်ဆိုတာ ယုံကြည်တယ်။ ညီမကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ယုံကြည်မှု လွန်ကဲနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ညီမ ကိုယ့်ကိုယ်ကိုယ်သိတယ်၊ ညီမမှာ ဂီတနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှုကော၊ လုပ်နိုင်စွမ်းကောရှိတယ်” လို့ သူ့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ထားတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။
ဧရာဝတီနဲ့ အင်တာဗျူးလုပ်နေချိန်မှာ Live တီးခတ်ခဲ့တဲ့ ယွန်းနီကိုရဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့ ‘In- Denial’ နဲ့ ‘Boy’ ကို အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။
(အင်္ဂလိပ်ဘာသာဖြင့် Rising Burmese Talent: Singer-Songwriter Youn Ni Ko တွင် ဖတ်ပါ။)
The post ထွန်းသစ်စ ဂီတကြယ်ပွင့်သစ် ယွန်းနီကို appeared first on ဧရာဝတီ.