သရုပ်ဆောင် လူရွှင်တော် အရိုင်းဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ ပြည်သူများသာမက အစိုးရကပါ ကြည့်ရမယ့် ရုပ်ရှင်ကားတကားဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သမ္မတကြီးထံ ပေးစာ ဆိုတဲ့အတိုင်း စာပေးရမယ်ဆိုရင် တကယ် လိုအပ်လာရင်တော့ ပေးရမှာပေါ့။ ဒီလိုခေတ်ကြီးထဲမှာ ကိုယ်ဖြစ်ချင်တာကို ရိုးရိုးသာသားနဲ့ မှန်မှန်ကန်ကန်သာ တင်ပြ၊ တဖက်ကလူကြီးတွေလည်း တိတိကျကျ မှန်မှန်ကန်ကန် လုပ်ပေးမှာပါ။ စိတ်ပိုင်းဆိုင်ရာနဲ့ သူ့စိတ်ပိုင်းဆိုင်ရာနဲ့လည်း မူတည်တယ်။ သမ္မတတော့ ဖြစ်နေတယ်။ လုပ်ပေးမယ် ပြောပြီး မလုပ်ပေးတဲ့ သမ္မတတွေနဲ့လည်း တို့တွေကြုံခဲ့ရတာပဲ”
“တိုင်းပြည်က ပြည်သူလူထုကလည်း ခဲတံလေးပျောက်သွားလို့ ရှာပေးပါဦးလို့ သွားလုပ်လို့ မရဘူးလေ။ ဟိုဘက်ခေတ်၊ ဒီဘက်ခေတ်မှာ ဥပဒေနဲ့ ပတ်သက်တဲ့ ကားတွေ ထွက်ပေါ်ခဲပြီး ဥပဒေကို မသိတာတွေ အများကြီး မလိုက်နာတတ်တာတွေ အများကြီးရှိကြတာကြောင့် ပြည်သူပြည်သားတွေ ကြည့်ဖို့ လိုအပ်တယ်။ ပြည်သူပြည်သားဆိုတဲ့ အထဲမှာ အစိုးရပါ ကြည့်ရမယ့် ကားတကား”လို့ အရိုင်းက ဧရာဝတီကို ပြောပါတယ်။
အရိုင်းက သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာက ပါဝင်သရုပ်ဆောင်ထားပြီး လတ်တလောမှာလည်း ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။ အပြင်က ပြည်သူများ အနေနဲ့လည်း ဥပေဒပိုင်းနဲ့ ပတ်သက်လာရင် ရဲရဲဝံ့ဝံ့ ပြောဆိုဖို့လိုကြောင်းလည်း အရိုင်းက ဆိုပါတယ်။
“တကယ်ကို တိုင်းပြည်အတွက် ပြည်သူပြည်သားအတွက် အကျိုးရှိမယ့်ဟာမျိုးဆိုရင်တော့ တင်ပြပါ။ ပြောပါ။ ရဲရဲဝံ့ဝံ့လည်း ပြောရဲဆိုရဲရမှာပေါ့။ ကိုယ်က အမှန်တရားဘက်က ရပ်တည်တဲ့သူပဲ။ အဲ့လိုပြောပြီးလုပ်ရင်တော့ အကုန်လုံးက မလုပ်ပေးစရာအကြောင်း မရှိပါဘူး။ ဘာမဟုတ်တာလေးကိုတော့ အရေးကြီ းခွင်ကျယ်လုပ်ရင်တော့ မကောင်းဘူးပေါ့”
“ကျနော်ကတော့ ကျနော်ပြောချင်တဲ့ အကြောင်းအရာပေါ် မူတည်ဦးမှာပါ။ သမ္မတကြီးမှ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အများအတွက် သတ္တိရှိရှိပြောမှာပါ”လို့ အရိုင်းက ပြောပါတယ်။
“သမ္မတကြီးထံ ပေးစာ” ဇာတ်ကားက ဥပဒေကို လေးစားလိုက်နာတတ်ဖို့ ရည်ရွယ်ပြီး အဓိက ရိုက်ကူးထားတဲ့ ဇာတ်ကားလို့ ဆိုပြီး လက်ရှိ တရားဥပဒေရေးပိုင်းနဲ့ ပတ်သက်လို့လည်း အရိုင်းက သူ့ရဲ့ အမြင်ကို အခုလိုဆိုပါတယ်။
“ဒီကားလေးက တရားရေးမဏ္ဍိုင်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ မဏ္ဍိုင် ၄ ခုက သီးခြားဆီ သူ့တာဝန်နဲ့သူ သူ့အလုပ်သူလုပ် ဆိုတဲ့ဟာမျိုးလည်း ဖြစ်ရမယ်။ နိုင်ငံတော်မှာ ထိန်းကျောင်းတာလည်း ထိန်းကျောင်းပါတယ်။ မလိုအပ်ဘဲ ဝင်ရောက်ပြီး သူ့နေရာသူ မနေဘဲနဲ့ စည်းဘောင် ကျော်ပြီးလုပ်ရင် တိုင်းပြည်က ထိန်းကျောင်းရတာ တော်တော်ခက်မယ်။ အဲ့ message လေးတွေ ကျနော်တို့က ပေးချင်တာပါ”
“ပြည်သူလူထုကိုလည်း ဥပဒေကို သိရမယ်။ သိအောင်လည်း ကြိုးစားကြရမယ်။ လိုက်နာတတ်ရမယ်။ ဥပဒေကို မလိုက်နာလို့ ခေတ်အဆက်ဆက် ပြဿနာတွေတက်ခဲ့တာ အများကြီး ကျနော်တို့ ကြုံခဲ့တာကို ယနေ့ထိတိုင် ကျနော်ပင်လျှင် ဥပဒေကို မသိတာတွေ အများကြီး မလိုက်နာတတ်တာတွေလည်း အများကြီး အဲ့တာတွေကို မီးမောင်း ထိုးပြချင်လို့ ပရိသတ်အတွက် ဒီကားကို တင်ဆက်တာပါ” လို့ အရိုင်းက ပြောပါတယ်။
ဆက်လက်ပြီး အရိုင်းက အခုလိုမျိုး ဥပဒေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေ ဒီဘက်ခေတ်မှာ ရိုက်ကူးလာကြတဲ့ အပေါ် အမြင်ကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကိုဝိုင်း စိတ်ဓာတ်ကို အားကျတယ်။ ဟိုဘက်ခေတ် ဒီဘက်ခေတ်မှာ ဥပဒေနဲ့ ပတ်သက်တဲ့ ကားတွေ ထွက်ပေါ်ခဲ့တယ်။ ရယ်စရာတို့၊ အချစ်ကားတို့၊ ဖိုက်တင်ကားတွေကို သာကြိုက်ကြတယ်။ ဒီလိုကားမျို းကြိုက်နိုင်ပါ့မလားလို့ ပရိုဂျူဆာဘက်ကရော ဒါရိုက်တာဘက်ကရော စိုးရိမ်မှုတွေရှိမှာပါ။ ဒါကို ရဲရဲဝံ့ဝံ့တင်ပြပြီးတော့ အကုန်လုံးက စိတ်ရော လူရော ပါကြတယ်ဆိုတာ ချီးကျူးဖို့ကောင်းပါတယ်။ နောက် ဒီကားကို ပြည်သူပြည်သားတွေကြည့်ဖို့ လိုအပ်တယ်။ ပြည်သူပြည်သားဆိုတဲ့ ထဲမှာ အစိုးရလည်းပါတာပဲ” လို့ အရိုင်းက ပြောပါတယ်။
မကြာခင် ရုံတင်တော့မယ့် “သမ္မတကြီးထံ ပေးစာ” ကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အရိုင်း၊ ဖွေးဖွေးနဲ့ မေဆူးမောင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
The post “သမ္မတကြီးထံ ပေးစာ” ရုပ်ရှင်က ပြည်သူသာမက အစိုးရပါ ကြည့်ရမယ့် ရုပ်ရှင်ကားပါ appeared first on ဧရာဝတီ.