အဆိုတော် ပန်းရောင်ခြယ်က အောက်တိုဘာလ ၁၇ရက်နေ့က သူမရဲ့ Facebook ကတဆင့် “Let it Go” ဆိုတဲ့ Music Video ကိုတင်ခဲ့ပြီးနောက် အဆိုပါ Music Video ထဲမှာ သရုပ်ဆောင်ထားတာကို ပရိသတ်များက သဘောကျလျက်ရှိပြီး မထင်မှတ်လောက်အောင် သရုပ်ဆောင်တတ်တာကို တွေ့ရပါတယ်။
အဲဒီ Music Video မှာသရုပ်ဆောင်ထားတာကို သဘောကျပြီး သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင်ရော လက်ခံသွားဖို့ရှိလားကို ပန်းရောင်ခြယ်က အခုလို ပြောပါတယ်။
“သရုပ်ဆောင်တာကို ပန်းရောင်က စိတ်မဝင်စားတာ မဟုတ်ဘူး။ စိတ်ဝင်စားတယ်။ အနုပညာနဲ့ ပတ်သက်ရင် ကတာရော၊ ပန်းချီဆွဲတာရော အကုန်လုံးကို သြစတြေးလျမှာတုန်းကလည်း ဒရာမာကို Subject အနေနဲ့ ယူတယ်။ သရုပ်ဆောင်တာကို ဝါသနာလည်း ပါတယ်။ ဒါပေမယ့် ဝမ်းစာမပြည့်သေးဘူးလို့ ထင်တယ်။ ရုပ်ရှင်ရိုက်ရလောက်အောင်တော့ ဝမ်းစာ မရှိဘူး။ ရုပ်ရှင်ရိုက်ဖို့အထိတော့ စိတ်ကူး မရှိဘူး။ နောက်ပိုင်းကျရင်တော့ မပြောတတ်ဘူး။ အခုလောလောဆယ်တော့ အစီအစဉ် မရှိဘူး”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
Let it Go ဆိုတဲ့ Music Video ကိုတော့ ထူးခြားစွာဖြင့် အက်ရှင်ပုံစံနဲ့ ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပေးထားပြီး ပန်းရောင်ခြယ်နဲ့အတူ သရုပ်ဆောင် ဒေါင်းက ပါဝင်သရုပ်ဆောင်ထားပါတယ်။
“ကိုဒေါင်းနဲ့က ဒီသီချင်းမှာ ပထမဆုံး အလုပ်တွဲလုပ်ဖူးတာ။ ရိုက်တာက ၃ ရက် အချိန်ယူပြီး အေးအေးဆေးဆေး ရိုက်တယ်။ ပထမရက်က ကိုဒေါင်းနဲ့ ရိုက်ရမယ့် အခန်းတွေ ရိုက်တယ်။ နောက်ဆုံးရက်က ပန်းရောင် သေနတ်ပစ်တဲ့ အခန်းတွေ ရိုက်တယ်။ သေချာလည်းပြင်ဆင်ပြီး ရိုက်ဖြစ်တယ်” လို့ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်ကတော့ မကြာခင်မှာ သူမရဲ့ ပထမဆုံး တကိုယ်တော်အခွေကို ထွက်ရှိနိုင်အောင် ကြိုးစားနေပြီး အခုလက်ရှိမှာတော့ အွန်လိုင်းပေါ်မှတဆင့် သီချင်းတပုဒ်စီ တင်ပေးလျက် ရှိပါတယ်။အခုလက်ရှိတော့ Let It Go သီချင်းကို တင်ပေးခဲ့ပြီး မကြာခင်မှာလည်း နောက်ထပ်တပုဒ် ထပ်တင်ဖို့ရှိတယ်လို့ သိရပါတယ်။
“Let it Go ထွက်ပြီးရင်တော့ နောက်ထပ် Single တပုဒ် ထပ်ထွက်ဖို့ ရှိတယ်။ ပြီးရင်တော့ အခွေတခွေလုံး ထွက်လိုက်တော့မယ်။ ပွင့်လင်းရာသီ ရောက်ပြီဆိုတော့ ပွဲတွေဆိုဖို့ ပြောထားတာတွေ ရှိတယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပန်းရောင်ခြယ်က ပွဲတွေမှာ သီချင်းဆိုတဲ့အခါ သီချင်းအများကြီး မရှိသေးတာကြောင့် ရှိတဲ့သီချင်းများနဲ့ အကောင်းဆုံးဖျော်ဖြေ သီဆိုနေပြီး ဒီနှစ်မ ကုန်ခင်မှာတော့ တကိုယ်တော်အခွေထွက်ရှိတော့မယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ Music Video အကြောင်းပြောပြတဲ့ ပန်းရောင်ခြယ်
The post “ပန်းရောင်က ရုပ်ရှင်ရိုက်ရလောက်အောင် အနုပညာဝမ်းစာ မရှိသေးပါဘူး” appeared first on ဧရာဝတီ.