အဆိုတော် Britney Spears ဟာ လာမယ့်နှစ်မှာ “Domination” လို့ အမည်ရတဲ့ ပင်တိုင်ဖျော်ဖြေပွဲတွေကို Las Vegas မြို့မှာ ပြန်လည်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
“Toxic” သီချင်းအဆိုတော် Britney ဟာ ကြီးမားတဲ့ ကြေညာချက်တခုကို ထုတ်ပြန်ဖို့ရှိတဲ့အကြောင်း မကြာသေးမီက ကြိုတင်ပြောကြားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်မှတော့ Sin City မှာရှိတဲ့ Toshiba Plaza ကနေ Ellen DeGeneres ရဲ့ Youtube ချန်နယ်မှတဆင့် အဲဒီသတင်းကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုတော် Britney ဟာ အဆိုတော် လေဒီဂါဂါလည်း ပင်တိုင်ဖျော်ဖြေပွဲတွေ ပြုလုပ်မယ့် Park MGM မှာရှိတဲ့ Park Theater မှာပဲ သူ့ရဲ့ ဖျော်ဖြေပွဲတွေကို ပြုလုပ်မှာဖြစ်ပါတယ်။ သူ့အနေနဲ့ ဖျော်ဖြေပွဲတခုကို ဒေါ်လာ ၅ သိန်း ၇ ထောင်ရရှိမယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ လက်ရှိဝင်ငွေအများဆုံး Vegas ပင်တိုင် ဖျော်ဖြေပွဲပြုလုပ်ထားတဲ့ Celine Dion ကို ကျော်တက်သွားမယ့်သဘောလည်း ဖြစ်ပါတယ်။
အဆိုတော် Britney က “လာမယ့် ဖေဖော်ဝါရီလမှာ ဖျော်ဖြေပွဲအသစ်နဲ့ ပြန်လာရမှာမို့လို့ စိတ်လှုပ်ရှားနေမိပါပြီ။ လက်မှတ်တွေကို အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ ရောင်းချတော့မှာပါ။ ကျမရဲ့ မေးလ်စာရင်းထဲမှာရှိတဲ့ ပရိသတ်တွေကတော့ မနက်ဖြန် (အောက်တိုဘာ ၁၉ ရက်) နံနက် ၁၀ နာရီမှာ ကြိုတင်ရောင်းချမှုကို ချိတ်ဆက်နိုင်မှာပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
“Domination” ဖျော်ဖြေပွဲကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး သြဂုတ်လမှာ ပြီးဆုံးမှာဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်တုန်းက Planet Hollywood Resort & Casino မှာ “Piece of Me” အမည်ရှိ ဖျော်ဖြေပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ Circuit of the Americas မှာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ “Piece of Me Tour” ကို ပြုလုပ်ဖို့ စီစဉ်ထားပါသေးတယ်။ “Domination” ပွဲလက်မှတ်တွေကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရောင်းချတော့မှာပဲ ဖြစ်ပါတယ်။
Ref: contactmusic
The post လာမယ့်နှစ်အတွင်း Las Vegas မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်မယ့် Britney Spears appeared first on ဧရာဝတီ.