သရုပ်ဆောင် ယွန်းဝတီလွင်မိုးဟာ သြစတြေးလျမှာ ကျောင်းတက်နေရာကနေ မြန်မာနိုင်ငံကို ခေတ္တခဏပြန်ရောက်လာပြီး သားတယောက်ရဲ့ မိခင်ဖြစ်လာတဲ့အခါ သားဖြစ်သူနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများကို မနှစ်သက်ဘူးလု့ိ ဧရာဝတီကို ပြောပါတယ်။
“သားလေးပုံလေးတွေကို နောက်မှ တင်ရတာက ညီမကလည်း ငယ်သေးတော့ ဝေဖန်ကြမှာစိုးတာပေါ့။ ညီမကို ဝေဖန်တာကို ညီမက ခံနိုင်ပါတယ်။ ဒါပေမယ့် ညီမသားလေး ဖြူဖြူစင်စင် ကလေးလေးရဲ့ ပုံလေးတွေကို ဝေဖန်တာမျိုး မဖြစ်စေချင်တာကြောင့်ပါ။ အခုတင်တာတောင် ကလေးက ဘာလို့ ဆံပင်ရှည်ထားတာလဲလို့ ပြောကြတယ်။ စေတနာနဲ့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ညီမမကြိုက်ဘူးပေါ့နော်။ အခု အားပေးတဲ့သူတွေတွက်တော့ တင်ပေးနေတယ်” လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။
ယွန်းဝတီလွင်မိုးက လက်ရှိမှာ သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။ သားဖြစ်သူ Liam ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက (၂) လ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ဖေဖော်ဝါရီလပိုင်းလောက်မှာ သြစတြေးလျမှာ ကျောင်းပြန်တက်မယ့် အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။
“ညီမတို့ ရန်ကုန်ကို ပြန်ရောက်တာ ၁လောက်တော့ ရှိပြီ။ ၂လပိုင်းပြန်ပြီး ကျောင်းပြန်တက်ပါမယ်။ အခု သားလေးကို မွေးတာ မေမေက အများကြီး ကူညီခဲ့ပါတယ်။ အခုလည်းမေမေပဲ ထိန်းပေးတယ်။ ညီမအပြင်တွေမှာ ရှုတင်ရိုက်ရင် မေမေပဲကြည့်ပါတယ်။ မေမေကလည်း ညီမတို့ကိုမွေးခဲ့တာဆိုတော့ ကလေးနဲ့ ထိတွေ့မှုရှိတော့ အများကြီး ကူညီပေးပါတယ်”
“ညီမ မိဘနေရာ ရောက်လာတဲ့အခါ အကုန်လုံးပြောင်းလဲသွားပါတယ်။ မိဘဆိုတာကို အရင်တုန်းက နားလည်တယ်ဆိုတာ အခုနဲ့ ဘာမှယှဉ်လို့ မရသလိုပဲ မိဘတွေ ဘယ်လိုပေးဆပ်ရတယ်။ ဘယ်လိုစဉ်းစားတယ်။ ဘယ်လိုတွေးတယ်။ ဘာတွေကို ဘယ်လိုတွက်လဲဆိုတာ အကုန်လုံးက ကိုယ့်ကလေးအတွက်လို ဖြစ်သွားပါတယ်။ ကိုယ်ဘာလုပ်လုပ် ကိုယ့်ကလေးအတွက်လို ဖြစ်သွားပါတယ်” လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။
ကျောင်းပြန်တက်တဲ့အခါ သားဖြစ်သူကို မိဘများနဲ့ ထားခဲ့မှာဖြစ်ပြီး အဲ့ဒီအတွက် သားဖြစ်သူကို အခုချိန်မှာ စောင့်ရှောက်ပေးပြီး စကားတွေအမြဲပြောနေဖြစ်တယ်လို့ ဆိုပါတယ်။
“သားလေးကို အမြဲစကားပြောပေးတယ်။ ညီမကျောင်းသွားတက်မှာဆိုတော့ မမေ့စေချင်ဘူးပေါ့။ အားလုံးက ပြောပါတယ်။ မမေ့ပါဘူးပေါ့။ အားရင် သားနဲ့နေတယ်။ စကားတွေပြောပေးတယ်။ ကစားပေးတယ်။ နို့တိုက်တယ်။ သားနဲ့ ပတ်သက်တာတွေတော့ အကုန်လုပ်ပေးပါတယ်။ အမေ ထိန်းပေးတာပေါ့နော်။ အမေထိန်းပေးတာကို ဘေးနားကနေ အမြဲကူညီပေးတယ်”လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။
အွန်လိုင်းပေါ်မှာ သားဖြစ်သူပုံတွေ သိပ်မတင်ဖြစ်တာက ကလေးအပေါ် ဝေဖန်မှုတွေ မရှိစေချင်တဲ့အတွက်ကြောင့်လို့လည်း ပြောပါတယ်။
“သားလေးက ဖြူဖြူစင်စင်ဆိုတော့ ညီမလည်း အရမ်းချစ်တယ်။ ဝိုင်းချစ်ပေးကြတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ အခုရောက်နေတဲ့ အချိန်မှာတော့ အနုပညာနဲ့ ပတ်သက်ပြီး မဂ္ဂဇင်းလေးတွေ ရိုက်ဖြစ်မယ်။ ပွဲလေးတွေ တက်ပေးဖြစ်မယ်။ ခင်ပွန်းကတော့ နောက်က လိုက်လာပါလိမ့်မယ်။ အခုတော့ ကလေးနဲ့ ညီမအရင် ပြန်လာတာပါ”လို့ ယွန်းဝတီလွင်မိုးက ဧရာဝတီကိုပြောပါတယ်။
ဖခင်ဖြစ်သူ လွင်မိုးကလည်း အရင်ကတည်းက သားယောကျာ်းလေးလိုချင်နေခဲ့တဲ့အတွက် မြေးဦးသားယောကျ်ားလေး ရလာတဲ့အခါ ပျော်နေတယ်လို့လည်း ဆိုပါတယ်။
“ဖေဖေက အရင်ကတည်းက သားလိုချင်ခဲ့တော့ အခု သားသားလေးကို ရွှေအိုးလေးလို အချစ်အနှစ်ပဲ။ အရမ်းချစ်တာ။ အမျိုးသားဘက်က အဖေအမေတွေကလည်း သားကို အမြဲလာတွေ့ပါတယ်။ Liam လေးရဲ့ ထူးခြားတာလေးတခုက အရမ်းအေးတဲ့ ကလေးထဲမှာပါတယ်။ သူဗိုက်ဆာတဲ့အချိန်၊ ဒိုက်ဘာ ညစ်ပတ်နေတဲ့အချိန်တွေသာ အသံထွက်တတ်ပြီး ကျန်တဲ့အချိန်တွေမှာဆို ပျော်နေတတ်တဲ့ ကလေးလေးပါ။ ညီမ အဖေကနေ ညီမ၊ ညီမကနေ အခု သားလေးထိ ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးအနေနဲ့ သားလေးကို သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ (၇) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
The post “အဖေကနေ ညီမ၊ ညီမကနေ သားလေးအထိ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်” appeared first on ဧရာဝတီ.