အဆိုတော်X Box က လူငယ်တယောက်ဖြစ်တဲ့အတွက် လူငယ်ခံစားချက်ပေါင်းစွာ သူ့မှာရှိပြီး အဲဒီအထဲက ခံစားချက်တွေကို သီချင်းအဖြစ် ပြန်လည်ရေးသားတယ်လို့ ဆိုပါတယ်။
“ကျနော့်မှာလည်း လူငယ်ဖြစ်တဲ့အတွက် လူငယ်အလျောက် ခံစားချက်ပေါင်း များစွာရှိတာပေါ့။ အဲဒီများစွာထဲကမှ တခုပေါ့။ စိတ်ညစ်တာရှိမယ်။ အလုပ်အတွက် အဆင်မပြေတာရှိမယ်။ ဘာအတွက်ကြောင့် အဆင်မပြေတာရှိတာပေါ့လေ။ အဆင်မပြေမှုများစွာထဲက ရင်ဘတ်တခုကြောင့် ခံစားရတဲ့အဆင်မပြေမှုတခုကြောင့် ဒီသီချင်းလေးက ထွက်လာတာပေါ့လေ”
“ဒါပေမယ့် ဘာကြောင့်ဆိုတာလည်း ပရိသတ်ကို မပြောပြချင်သလို သတင်းကြီးတခုလိုလည်း ကျနော် မပြောချင်ဘူး။ အရေးမကြီးဘူး ထင်လို့ပါ။ အဓိက ကျနော် အဲဒီအချိန်တုန်းက ခံစားရတဲ့ ခံစားချက်လေးတွေကို ရေးလိုက်တယ်။ ဒါပါပဲ” လို့ အဆိုတော် X Box က ပြောပါတယ်။
X Box က “Hurt “ဆိုတဲ့ သီချင်းအသစ်စက်စက် တပုဒ်ကို ဒီတပတ်အတွင်းမှာပဲ online ကနေ တင်ဆက်လိုက်တာဖြစ်ပြီး အသည်းကွဲသီချင်းကြိုက်တဲ့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ သီချင်းတပုဒ်လည်းဖြစ်ပါတယ်။
ဒီသီချင်းရေးဖြစ်တဲ့အကြောင်းကို “ခုချိန်မှာတော့ အေးဆေးပါပဲ။ အဲဒီတုန်းက ခံစားခဲ့ရပေမယ့် အခုအချိန်ကတော့လေ၊ ဒီနေ့ပြီး မနက်ဖြန်ဘာဖြစ်မလဲဆိုတာပဲ ကျနော်တွေးတယ်။ ဘယ်အရာကိုမှ ကျနော် အရမ်းမျှော်လင့်မထားဘူး။ တနေ့ထက် တနေ့ ပရိသတ်အတွက်ရော၊ ကိုယ့်စားဝတ်နေရေးအတွက်ရော၊ ကိုယ့်မိဘအတွက်ရော၊ ကိုယ့်ဘဝအတွက်ရော level တခုပြီးတခု မြင့်အောင် ဘယ်လိုလုပ်ရမလဲ တွေးနေတဲ့အချိန်မှာ တစ်ခါတလေကျလို့ရှိရင် ကိုယ်ရေးကိုယ်တာ ခံစားရတာတွေကို မေ့ထားပါတယ်”လို့ X Box က ဆိုပါတယ်။
အရင်တင်ခဲ့ဖူးတဲ့ သီချင်းများနဲ့ အခု Hurt သီချင်း ကွာခြားမှုအပိုင်းနဲ့ ပတ်သက်ပြီးလည်း ခုလိုပြောပါတယ်။ “သွားပုံသွားနည်း ပရိသတ်မတူဘူးလို့ ထင်ပါတယ်။ ဒီ Hurt သီချင်းကိုအားပေးတဲ့ ပရိသတ်ကျတော့ အလွမ်းအဆွေး ကိုကြိုက်တဲ့ပရိသတ်ပေါ့နော်။ အရင်သီချင်းတွေတုန်းကတော့ အရမ်းဝုန်းဒိုင်း၊ ဝုန်းဒိုင်းနဲ့ လူငယ်ကြိုက်သီချင်းတွေများတယ်။ အခုသီချင်းကလည်း လူငယ် မကြိုက်ဘူးလားဆိုတော့ လူငယ်ကြိုက်ပဲ”
“ဒါပေမယ့် music style တွေ၊ ကျနော့်ရဲ့ music video ထဲမှာ ဝတ်ပုံစားပုံတွေ၊ သရုပ်ဆောင်ပုံတွေ၊ ပြီးတော့ ကျနော့်ရဲ့ မျက်နှာအနေအထားတွေကတော့ အရမ်းကြီးတော့ လူငယ် သိပ်မဆန်ဘူး။ အဲဒီအတွက်လည်း ကျနော်က ကျေနပ်ပါတယ်။ ကျေနပ်တယ်ဆိုတာထက် ကျနော်က အလုပ်တခုကနေ တခုကို ကူးတိုင်း အဲဒီအပေါ်မှာ သိပ် feel လေ့ မရှိဘူး။ နောက်ထပ်လုပ်မယ့် အလုပ်တွေအတွက်ပဲ အာရုံ ပိုစိုက်တာများတယ်” လို့ X box က ဆိုပါတယ်။
X Box ရဲ့သီချင်းတွေထဲမှာ ရင်ထဲ၊ စိတ်ထဲကလာတဲ့သီချင်းနဲ့ ဦးနှောက်ကလာတဲ့သီချင်း ဘယ်သီချင်းကပိုများလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။
“သီချင်းပေါင်းစုံ ရှိတယ်ဗျ။ ကျနော့်ဘဝမှာ “ဘယ်ပွဲမှ မလွတ်တမ်း” ဆိုရတဲ့ “အိပ်ရေးမပျက်စေနဲ့” သီချင်းဆိုရင် ရင်ဘတ်ထဲက သီချင်း မဟုတ်ဘူး။ ဖြစ်ကတတ်ဆန်း ကောက်ရေးထားတဲ့သီချင်း။ ကိုယ့်သီချင်းကို အဲဒီလိုပြောရင်လည်း တမျိုးဖြစ်ဦးမယ် ။ကျနော့်ရင်ဘတ်ထဲက တကယ်ထုတ်ပြီးတော့ ရှယ်ရေးတဲ့ သီချင်းတွေထက် ပိုပေါက်တယ်။ အခုHurt သီချင်းဆိုရင် ရင်ဘတ်ထဲက လာတဲ့သီချင်း ၊ဒီသီချင်းက အိပ်ရေးမပျက်စေနဲ့လောက် ဟော့ချင်မှ ဟော့မယ်။ မတူဘူးပေါ့”လို့ X Box က ဆိုပါတယ်။
အချစ်သီချင်းနဲ့ ပတ်သက်ပြီးလည်း X Box က “အချစ်သီချင်း နုနုလေးတွေ သိပ်ရေးတာ မတွေ့ဘူး ဆိုတာက ကျနော့်ရင်ဘတ်ကြီးကလည်း အရမ်းကြီး သိပ်မကြိုက်တာလည်းပါတယ်။ X Box ပွဲဆိုရင် ဝုန်းဒိုင်းကြဲမှာလို့ သူတို့ကမြင်တဲ့အတွက် တချို့တွေဆိုရင် ကောင်မလေးတွေက လှလှပပတောင် မဝတ်လာကြတော့ဘူး။ X Box သည် ခုန်မယ်၊ ပေါက်မယ်၊ ပျော်မယ်၊မြူးမယ်၊ ကြွမယ်။ အချစ်သီချင်းဆိုလည်း ရံဖန်ရံခါ တပုဒ်လောက်ဆို အထိလေး ဒီလောက်ပါပဲ”လို့ ပြောပါတယ်။
X Box က လူငယ်တွေအတွက် သီချင်းတွေတောက်လျှောက်လာဖို့ရှိပြီး အမှတ်တရအနေနဲ့လည်း ဖိနပ်ထုတ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
“ဒီလကုန်လောက်ထွက်ဖို့ စဉ်းစားထားတယ်။ ဗွီဒီယိုတွေလည်း ရိုက်ပြီးသွားပါပြီ။ အင်တာနက်မှာလည်း ကြေငြာပါမယ်။ အမှတ်တရလေးပါပဲ။ စီးပွားဖြစ်ဆိုရင်တော့ အကန့်အသတ် မရှိ၊ လူကြီးရော၊ ကလေးရော၊ လူငယ်တွေရော ၊ တနိုင်ငံလုံး အတွက် ဝတ်လို့ရမယ့်၊လူသား သန်း ၆၀ လုံး ဝတ်ခွင့်ရမယ့် အရေအတွက်ကြီးထုတ်လိုက်မှာပေါ့လေ”
“ဒါပေမယ့် ကျနော်ကျတော့ စီးပွားရေးထက် ကျနော့်ပရိသတ်အတွက်၊ ပရိသတ်တောင်မှ အများကြီးထဲမှာမှ လူ ၅၀၀ လောက်လေးကို ကံစမ်းမဲလို ဖြစ်သွားမှာပေါ့လေ။ အလုအယက် ဝယ်ကြမယ်။ သီးသန့်လိုဖြစ်သွားမယ်။ အဲဒါကို လိုချင်တာပါ။ အဓိကတော့ ကျနော့် image လေးပါပဲ။ ဒီအချိန်မှာ ဒါလေးလုပ်ခဲ့တယ်ပေါ့” လို့ X Box က ဧရာဝတီကို ပြောပါတယ်။
The post “X Box ပွဲဆိုကြမ်းတာမလို့ တချို့ကောင်မလေးတွေ လှလှပပ ဝတ်မလာကြဘူး” appeared first on ဧရာဝတီ.