ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Lynne Ramsay ရိုက်ကူးထားတဲ့ Crime , Drama , Mystery အမျိုးအစား ရုပ်ရှင်ကားဖြစ်တဲ့ “You Were Never Really Here” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Joaquin Phoenix , Judith Roberts , Ekaterina Samsonov တို့အပြင် အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Joe ဟာ လူကုန်ကူးခံရတဲ့ မိန်းကလေးငယ်လေးတွေကို ပြန်လည်ကယ်တင်တဲ့ အလုပ်ကို ကြေးစားလုပ်ကိုင်သူ တဦး ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ အသက်အရွယ် ကြီးရင့်လှပြီဖြစ်တဲ့ မိခင်နဲ့ အတူတကွနေထိုင်ရင်း သူ့အမေကို ပြုစုစောင့်ရှောက် ပေးနေသူတဦးလည်း ဖြစ်ပါတယ်။
Joe ရဲ့ မိခင်ဟာ သူမရဲ့ မှတ်ဉာဏ်တွေ အကုန်လုံး ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပေမယ့် သားဖြစ်သူ အိမ်အပြန်လာကိုတော့ တီဗီကြည့်ရင်း စောင့်ဆိုင်းနေတတ်သူ မိခင်တဦးလည်း ဖြစ်ပါတယ်။ Joe ဟာ သူကလေးဘဝကတည်းက သူ့အဖေရဲ့ သူ့အမေပေါ် အကြမ်းဖက် နှိပ်စက်မှုတွေဆီ တခါတလေ ပြန်လည်ရောက်ရှိသွားတတ်ပြီး အတိတ်ဆိုးရဲ့ နှိပ်စက်ခြင်းဒဏ်ကို ခံနေရတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ FBI စတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ရသူတဦးဖြစ်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ဖိအားကြောင့်ပဲ မိမိကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ်တွေးတောခဲ့ဖူးသူပါ။ ဒီလိုနဲ့ တနေ့မှာ Angel ဆိုတဲ့ ကောင်မလေးကို ကယ်ဖို့ ကြားခံလူတဦးဖြစ်တဲ့ John McCleary ဆီ အလုပ်ကိစ္စ အပ်နှံလာပါတော့တယ်။
သူမဟာ နိုင်ငံရေးသမားတဦးရဲ့ သမီးတယောက်ဖြစ်ပြီး အသက် (၁၃) နှစ်အရွယ် ရှိပြီလည်းဖြစ်ပါတယ်။ နိုင်ငံရေးသမား တဦးအနေနဲ့ မဲဆွယ်ကာလတွေမှာ အခုလို အဖြစ်အပျက်မျိုးတွေကို ရဲတွေဆီ အသိမပေးဘဲ ကိုင်တွယ်တာ အကောင်းဆုံး ဖြစ်တာကြောင့် Joe ဆီ အလုပ်အပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ ကြာမြင့်ချိန်မှာ သာမန်ရုပ်ရှင်တွေထက် နည်းပါးပေမယ့် Joe ရဲ့ လှုပ်ရှားမှုနဲ့ ဒါရိုက်တာ Ramsay ရဲ့ ရုပ်သေ အသားပေးရိုက်ချက်တွေကြောင့် ရုပ်ရှင်ရဲ့ ဆွဲဆောင်မှုကို ပိုမိုမြင့်တက်စေခဲ့တာလည်းဖြစ်ပါတယ်။
Joe ဟာ Angel ကို ဘယ်လို ကယ်ထုတ်မလဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေကို သူ့အနေနဲ့ ဘာတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့် IMDb rating (6.9) ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
The post ငယ်ဘဝ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရသူတယောက် “You Were Never Really Here” appeared first on ဧရာဝတီ.