ဂီတလောကမှာ အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့ပြီး ပရိသတ် အားပေးမှုများစွာ ရရှိထားတဲ့ အဆိုတော် ရင်ဂိုက မကြာခင်မှာ ဂီတသက်တမ်း ၂၅ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ အဲဒီ အထိမ်းအမှတ်အဖြစ် “ကံကောင်းခြင်းလက်ဆောင်” လို့ အမည်ရတဲ့ တေးစီးရီး မီနီအယ်ဘမ် ထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဂီတသက်တမ်း ၂၅ နှစ် ပြည့်သွားတဲ့ အဆိုတော် ရင်ဂိုကို ဂီတအကြောင်း၊ သူ့ရဲ့ရပ်တည်မှု၊ လတ်တလော ဂီတလှုပ်ရှားမှုများအကြောင်းကို ဧရာဝတီသတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက ရင်ဂိုနဲ့ တွေ့ဆုံစဉ် အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ လတ်တလောမှာရော ဂီတနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဖို့ရှိလဲ။
ဖြေ။ ။ သီတင်းကျွတ်တုန်းကတော့ ပွဲတွေ ဆိုဖြစ်တယ်။ တန်ဆောင်တိုင်မှာ ကိုညီထွဋ်ရဲ့ “ဆေးပေါင်းခတဲ့ည” ရှှိုးဆိုဖို့ ရှိတယ်။ ဒီဇင်ဘာမှာလည်း ဆိုဖို့ ရှိတယ်။ ပွဲသေးလေးတွေ ဆိုဖို့ ရှိပါတယ်။ နိုဝင်ဘာ ၁၅ ကို မီနီအယ်ဘမ် ထွက်ဖို့ ရှိပါတယ်။
မေး။ ။ အခွေနာမည်ကို ဘယ်လိုလေးပေးထားလဲ။ သီချင်း ဘယ်နှစ်ပုဒ်ပါမလဲ။
ဖြေ။ ။ “25” လို့ ပေးထားတယ်။ အဲ့လိုပေးထားတာက ကျနော်အရင်က “ကံကောင်းခြင်းလက်ဆောင်”ထွက်တာ ၂၅နှစ်ပြည့်မို့လို့ နိုဝင်ဘာ ၁၅ ရက်နေ့ထွက်ဖို့ လုံးပမ်းနေရတယ်။ မနှစ်ကတခွေ ထွက်တယ်။ ဒီနှစ်တခွေ ထွက်ပါမယ်။ အမှတ်တရ ထုတ်တာပေါ့။ “ကံကောင်းခြင်းလက်ဆောင်”၂၅ နှစ်ပြည့်အနေနဲ့ ထုတ်တာပါ။ ၆ ပုဒ် ၇ ပုဒ်လောက်တော့ ပါနိုင်အောင်ကြိုးစားမယ်။ ၁၅ ရက်နေ့က ထွက်မှာဆိုတော့။
ကျနော်က အွန်လိုင်းကနေ တင်ဖို့စိတ်အား မသန်ဘူး။ အယ်ဘမ်လိုပဲ ထုတ်ချင်တယ်။ ကိုယ့်ကို ခေတ်နောက်ကျတယ်ပဲပြောပြော အွန်လိုင်းကို သိပ်အားမရဘူး။ အခွေထုတ်ပြီးမှပဲ အွန်လိုင်းကို ဖြန့်မယ်။ အွန်လိုင်းကလည်း အခုခေတ် ဖြစ်နေတာကိုး။
မေး။ ။ သားသမီးတွေဖြစ်တဲ့ ကျားပေါက်နဲ့ ဟန်နေလွင်လွင်တို့ကိုရော ဘယ်လိုတွေ ဂီတနဲ့ ပတ်သက်ပြီး သင်ကြားပေးတာမျိုးရောရှိလား။ သူတို့နဲ့ ရှိုးဆိုဖို့ရော ရှိလား။
ဖြေ။ ။ ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး။ သူတို့ဟာ သူတို့လျှောက်လှမ်းတာပဲ။ ဆိုချင်ပေမယ့် ကျားပေါက်တို့က တော်တော်အလုပ်ရှုပ်တယ်။ ကျားပေါက်တို့ Band အားနဲ့လုပ်ချင်တယ်။ ဟိုတနေ့က အသိတယောက်က One Man Show လုပ်ဖို့ပြောတယ်။
ကျနော် One Man ဆိုရင်တော့ သူတို့ အချိန်ယူပြီးလာဆိုဖို့ ဖြစ်မယ်။ စိတ်ကူးပဲ ရှိသေးတယ်။ အကောင်အထည် မဖော်သေးပါဘူး။ ကျနော့် မီနီအယ်ဘမ်မှာတော့ ကျနော်က ဆိုတယ်။ သမီးက တီးတယ်။ ကျားပေါက်က ရေးတယ်။
မေး။ ။ အခုချိန်အထိ အသံပါဝါ မကျသေးတာ ဘာကြောင့်လဲ။
ဖြေ။ ။ ကျန်းမာရေး လိုက်စားပါတယ်။ လမ်းလျှောက်တယ်။ ရေကူးတယ်။ အဲ့နှစ်ခုနဲ့တင် အသံထိန်းပြီးသား ဖြစ်တာပေါ့။
မေး။ ။ ကိုရင်ဂိုတို့တုန်းကနဲ့ ဂီတလောကနဲ့ အခု ဂီတလောက ဘာတွေကွာသွားလဲ။
ဖြေ။ ။ တူတော့ မတူဘူး။ ကျနော်တို့အခွေထွက်တဲ့ အချိန်ထက်ကို ပစ္စည်းတွေ မပြည့်စုံဘူး။ စတူဒီယိုတွေ မများဘူး။ ပြိုင်ပွဲတွေ မရှိဘူး။ ကျနော်တို့ဘာသာ ကိုယ့်ဟာကိုယ် လေ့လာ ရတယ်။ ကြိုးစားရတယ်။ အခုက အရမ်း အခွင့်အလမ်းတွေရော ပစ္စည်းတွေရော စုံလာပြီ။ စတူဒီယိုတွေကလည်း များလာပြီ၊ အဲ့လိုပဲကွာပါတယ်။
လူတွေ ကြိုးစားနေရတာတော့ အတူတူပဲပေါ့။ ကျနော်တို့ထက် စောတဲ့ ဦးဘိုဘိုဟန်တို့ ဦးစိုးပိုင်တို့ ပိုဆိုးတာပေါ့နော်။ ကျနော်တို့ခေတ်က နည်းနည်း အခွင့်အရေး ရှိလာတယ်။ အခု အခွင့်အရေး ပိုရှိတယ်လို့ မြင်ပါတယ်။
မေး။ ။ ဂီတလောကမှာလည်း ကြာမြင့်နေပြီဖြစ်တဲ့ ကိုရင်ဂိုက အခုနာမည်ကြီးနေတဲ့ အဆိုပြိုင်ပွဲတွေမှာ ဘာလို့ ဒိုင်မလုပ်ဖြစ်တာလဲ။
ဖြေ။ ။ ကျနော် ဒိုင်လုပ်ဖို့ စိတ်ကူး မရှိဘူး။ မပြောတတ်ဘူး။ သူများကို ဆရာ မလုပ်တတ်ဘူး။
မေး။ ။ ပြိုင်ပွဲတွေများလာတဲ့အပေါ် ဘယ်လိုမြင်လဲ။ နောက်အကြံပေးစကားလည်း ပြောပေးပါဦး။
ဖြေ။ ။ အဆိုပြိုင်ပွဲနိုင်တဲ့ ကလေးတွနဲ့ ရှိုးပွဲတွေမှာတွေ့ရင် အခွေမြန်မြန်ထွက်အောင်လုပ်ဖို့ပဲ ပြောတယ်။ ကိုယ်သီချင်း ကိုယ်မြန်မြန်လုပ်လို့ပဲ ပြောတယ်။ မထုတ်ရင် နောက်နှစ်တယောက်တက်မှာဆိုတော့ အဲ့ဒါကြောင့် ထွက်ခိုင်းတယ်။ အဲ့လိုပဲ ဆရာလုပ်တာတော့ မဟုတ်ဘူး။
မေး။ ။ ပရိသတ်အတွက်ရော အမှတ်တရ စကားလေးပြောပေးပါဦး။
ဖြေ။ ။ ကျနော် “ကံကောင်းခြင်းလက်ဆောင်”၂၅ နှစ်ပြည့်အနေနဲ့ ထုတ်တာပါ။ နိုဝင်ဘာ ၁၅ မှာ ထွက်ပါမယ်။ အားပေးဖို့လည်း ပြောချင်ပါတယ်။ ။
The post သူများကိုဆရာ မလုပ်တတ်တာကြောင့် အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ဖို့ စိတ်ကူးမရှိတဲ့ ရင်ဂို appeared first on ဧရာဝတီ.