အဆိုတော် G Fatt က သူ့ရဲ့အနုပညာသက်တမ်း ၉ နှစ်ကျော်မှာ ပထမဆုံးပြုလုပ်မယ့် တကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြုလုပ်မယ့် နေ့ရက်နဲ့ ပတ်သက်ပြီးတော့ ၁၁ လပိုင်း ၁၁ ရက်နေ့မှာ သူ့ကိုသတိရနေစေချင်လို့ ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။
“ကျနော်က ရက်တွေကို ရွေးနေတာ ကြာပါပြီ။ ၁၂ လပိုင်းကျတော့လည်း ကျနော့် မွေးနေ့ရှိတယ်။ တခြားပွဲတွေလည်း အများကြီးရှိတဲ့အတွက် ရက်တွေ လိုက်ရွေးနေရင်းနဲ့ ၁၁ လပိုင်းမှာ လုပ်ဖြစ်တာပါ။ လုပ်ဖြစ်တော့လည်း ၁၁ နာရီ ၁၁ မိနစ်ဆိုရင် တယောက်ယောက်က သတိရတာတို့ တယောက်ယောက်ကို သတိရတာတို့ အဲဒီလိုမျိုးတွေ ကြားဖူးတယ်။ အဲဒါကြောင့် ၁၁ လပိုင်း ၁၁ ရက်နေ့မှာ ကျနော့်ကို သတိရနေစေချင်လို့ ဒီပွဲကိုလုပ်ဖြစ်တာပါ” လို့ G Fatt က ပြောပါတယ်။
၁၁ လပိုင်း ၁၁ ရက်နေ့မှာ ပြုလုပ်မယ့်ပွဲမှာတော့ အချိန်တိုက်ဆိုင်သွားပြီး ၁၁ နာရီထိုးသွားတဲ့အချိန်မှာတော့ သီချင်းအသစ်တပုဒ် ဆိုပြသွားဖို့ စိတ်ကူးထားတယ်လို့ သူက ပြောပါတယ်။
“G Fatt One Man Show” ကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကိုတော့ ၁ သောင်းကျပ် သတ်မှတ်ထားပါတယ်။ ဒီပွဲက G Fatt ရဲ့ ပထမဆုံးပြုလုပ်တဲ့ တကိုယ်တော်ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။
“ဒီပွဲက ပထမဆုံးလုပ်ရတဲ့ ပွဲဖြစ်တဲ့အတွက် ကျနော့်ပရိသတ်တွေ အကုန်လုံး ကျနော့်ကို ဝန်းရံစေချင်တယ်။ တူတူခုန်ပေါက်ပြီး သီချင်းတွေ လာရောက် သီဆိုစေချင်တယ်။ ဒါကကျနော်တယောက်တည်းနဲ့ ပြီးမယ့်ပွဲ မဟုတ်ဘူး။ အားလုံးလာမှ ပြီးမယ့်ပွဲ ဖြစ်တယ်။ အားလုံးလာစေချင်တယ်။ ဒီလိုမျိုး နောက်ထပ်ပွဲလုပ်ဖို့ ဆိုတာကလည်း အများကြီး ပြန်စောင့်ရနိုင်တယ်။ ဒီတကြိမ် အခွင့်အရေးကို လာရောက်စေချင်တယ်” လို့ G Fatt က ပြောပါတယ်။
ဒီပွဲရဲ့ လက်မှတ်ကို ဝယ်ယူကြမယ့်သူများကိုတော့ G Fatt က သူ့ရဲ့ “မိုးသီချင်း” Music Video ကို လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ၊ Snare ၊ G family နဲ့ Frenzo က သူငယ်ချင်းများစွာတို့က ပါဝင်သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
The post “၁၁ လပိုင်း ၁၁ ရက်နေ့မှာ G Fatt ကို သတိရနေစေချင်တယ်” appeared first on ဧရာဝတီ.