အိမ်ထောင်ပြုစဉ်ကာလမှ စတင်ကာ ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ သရုပ်ဆောင်ဆုပန်ထွာကတော့ အခုချိန်မှာ အဲ့ဒီလို ဝေဖန်မှုတွေကို ကျော်လွှားပြီး ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်၊ သားဖြစ်သူ Roar Roar ကျော်နဲ့အတူ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။
သားလေး တယောက်တည်းဖြစ်တဲ့အတွက် နောက်ထပ် ရင်သွေးထပ်ယူဖို့ရှိလား ဆိုတာကို ဆုပန်ထွာက အခုလို ပြောပြခဲ့ပါတယ်။
“ကလေးက ထပ်မယူတော့ပါဘူး။ ကျမကလေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာ မဟုတ်ဘူး။ အိမ်ထောင်ကျတဲ့ အချိန်မှာ အသက်က ၃၅ နှစ်ဖြစ်နေပြီ။ သားသားကိုမွေးတော့ ၃၆ နှစ် ဖြစ်နေပြီ။ အရင်ကတည်းကလည်း အိမ်ထောင်ပြုဖို့ စိတ်ထဲမှာ တခါမှ မစဉ်းစားဖူးဘူး။ အခုလိုသားလေး မွေးလာတာကိုတောင် တခါတလေ အံ့သြနေတုန်း။ ငါ့ကလေးလေးဆိုပြီးတော့။ အစီအစဉ် မရှိခဲ့ဘူးပေါ့နော်”လို့ ဆုပန်ထွာက ပြောပါတယ်။
အိမ်ထောင်ပြုတဲ့ အသက်အရွယ်က နောက်ကျနေပြီဖြစ်တဲ့အတွက် သားကိုမွေးတဲ့အချိန်မှာ အရမ်း ဂရုစိုက်ခဲ့ရပြီး နောက်ထပ် ကလေးယူဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“သားလေးကို စပြီးတော့ ကိုယ်ဝန်ရှိကတည်းက ကျမတို့ ၂ယောက် အရမ်းဂရုစိုက်ရတယ်။ ပန်ပန်က ငယ်ငယ်ရွယ်ရွယ် အသက် ၂၀ ကျော် မဟုတ်တော့ဘူး။ စစ်စရာရှိတာတွေ အများကြီး စစ်ရတယ်။ ဆေးတွေဆိုလည်း သူများထက် ပိုပြီးတော့ ဂရုစိုက်ပြီးသောက်ရတယ်။ ကလေးလေးကောင်းဖို့ ခြေစုံလက်စုံဖြစ်ဖို့အတွက် အရမ်းဂရုစိုက်ခဲ့ရတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။
အိမ်ထောင် စတင်ပြုစဉ်အချိန်က ဝေဖန်မှု ပုတ်ခတ်မှုများစွာ ကြုံတွေ့ခဲ့ရပြီး ဒီလို ဝေဖန်မှုများကြောင့် တယောက်နဲ့ တယောက် ပိုချစ်ခင်ကာ အိမ်ထောင်ပိုမြဲသွားတာလို့ ပြောပါတယ်။
“ကျမဆိုရင် သူ့ရဲ့အခြေအနေမှန်ကို အကုန်သိနေတဲ့အခါကျတော့ သူ့ကိုဆိုရင် ရစရာမရှိဘူးအပြောခံရတာ။ သာမန် မိန်းကလေးတယောက်ကို သွားယူရင် ဒီလောက်အပြောခံရမှာ မဟုတ်ဘူး။ ကျမကိုလာယူတော့ အဆဲခံ အပြောခံရတာပေါ့။ သူမှန်နေပေမယ့်လည်း ပရိသတ်က မသိသေးတော့ တမျိုးထင်ကြတာပေါ့”
“ကျမဆိုရင်လည်း အနုပညာလုပ်လာတဲ့ သက်တမ်းတလျှောက်မှာ ဘာအမည်းစက်မှ မရှိဘူး။ ဘာနာမည်ပျက်မှ တခါမှ မကြားဖူးဘူး။ ဒါပေမယ့် သူနဲ့တွေ့တဲ့အချိန်မှာ ဘဝကြီးက ပြောင်းပြန်ဖြစ်သွားတယ်။ တယောက်နဲ့ တယောက် နားလည်ပေးရတာပေါ့နော်။ သူ့ကိုဆိုလည်းသနားတယ်။ ကျမကိုလည်း ငါ့မိန်းမလေး သနားပါတယ်ဆိုပြီး ပိုပြီးတော့ ချစ်သွားကြတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။
သရုပ်ဆောင် ဆုပန်ထွာကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲများ လက်ခံ ရိုက်ကူးနေပြီး MRTV-4 ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် ၂” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်များ နှစ်သက် အားပေးခဲ့ကြပါတယ်။
The post “အသက်အရွယ်အရ ကလေး ထပ်မယူတော့ဘူး” ဆိုတဲ့ ဆုပန်ထွာ appeared first on ဧရာဝတီ.