ကိုရီးယားမင်းသား Lee Jong Suk ဟာ အင်ဒိုနီးရှားလေဆိပ်မှာ ညလုံးပေါက် သောင်တင်နေခဲ့ပြီးတဲ့နောက် သံရုံးအကူအညီနဲ့ တောင်ကိုရီးယားနိုင်ငံကို လေယာဉ်တစင်းနဲ့ ပြန်လည်ထွက်ခွာသွားပြီလို့ သူ့ရဲ့ အေဂျင်စီက နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
A-man Project အေဂျင်စီရဲ့ အဆိုအရ မင်းသားနဲ့ အခြား ကိုရီးယား ဝန်ထမ်းတို့ဟာ ကိုရီးယားစီစဉ်သူဖြစ်တဲ့ Yes24 ရဲ့ အစီအစဉ်နဲ့ ပရိသတ်တွေ့ဆုံပွဲ တခုကို ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံကို ပြန်လည်ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှား ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကိုရီးယားကိုပြန်တဲ့နေရာမှာ နှောင့်နှေးမှုနဲ့ ကြုံခဲ့ရတဲ့ လူတိုင်းကို စိုးရိမ်ခဲ့ရမှုအတွက် တောင်းပန်တဲ့အကြောင်း၊ အဲဒီမျှော်လင့်မထားဘဲ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းမှာ ဖြစ်တဲ့အကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ အေဂျင်စီကတော့ အခုလိုမျိုး နှောင့်နှေးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ Yes24 ရဲ့ ဒေသဆိုင်ရာဌာနခွဲကို ဝေဖန်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ မင်းသားနဲ့ ဝန်ထမ်းတွေရဲ့ ပတ်စ်ပို့တွေကို သိမ်းထားတဲ့ ဌာနခွဲ ဥက္ကဋ္ဌက ပျောက်သွားခဲ့တာ ဖြစ်တယ်လို့ Yes24 က ကနဦးပြန်လည်ရှင်းပြထားတယ်လို့ဆိုပါတယ်။
အဲဒီနောက် အခွန်ပြစ်မှုနဲ့ အင်ဒိုနီးရှား အခွန် အာဏာပိုင်တွေက အဲဒီ ဥက္ကဋ္ဌကိုထိန်းသိမ်းထားခဲ့တာကြောင့်လို့ ဆိုလာပါတယ်။ မကြာမီမှာပဲ ထပ်မံသိရှိရတဲ့ သတင်းအရ မင်းသားအတွက် သင့်လျော်တဲ့ဗီဇာကို ဒေသခွဲရုံးက ရယူပေးနိုင်ခဲ့ခြင်း မရှိခဲ့တာလို့ ဆိုပါတယ်။
အခုလိုမျိုး ဖြစ်ခဲ့ရတဲ့ကိစ္စအတွက် တာဝန်ယူပေးရမယ်လို့ Yes24 ကို သတိပေးထားကြောင်း A-man Project က ဆိုပါတယ်။ ဒါ့အပြင် အဲဒီဖြစ်ရပ်အတွက် ကိုရီးယားစီစဉ်သူကို တရားစွဲမယ့်အကြောင်း ပြောဆိုထားပါတယ်။
အခုလိုဖြစ်ရပ်ကြောင့် မကောင်းတဲ့ အကျိုးဆက်အထိ ဖြစ်ပေါ်နိုင်တဲ့အတွက် မင်းသား လက်ရှိ ရိုက်ကူးနေတဲ့ ဒရာမာထုတ်လုပ်ရေး ကုမ္ပဏီကိုလည်း တောင်းပန်ရဦးမယ်လို့ ဆိုပါတယ်။
မင်းသား Lee ဟာ လက်ရှိမှာ “Romance Is a Bonus Book” ဆိုတဲ့ ဒရာမာမှာ ပါဝင်သရုပ်ဆောင်နေပြီး အဲဒီ ဒရာမာကို လာမယ့်နှစ် ပထမနှစ်ဝက်လောက်မှာ ပြသနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref:Yonhap
The post မင်းသား Lee Jong Suk အင်ဒိုနီးရှားလေဆိပ်တွင် ညလုံးပေါက် ထိန်းသိမ်းခံရ appeared first on ဧရာဝတီ.