ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် မကြာခင် ရိုက်ကူးမယ့် “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားမှာ အဓိဇာတ်ဆောင် မင်းသမီးနေရာဖြစ်တဲ့ ရွှေမှုံရတီနေရာမှာ သရုပ်ဆောင် ခင်ဝင့်ဝါကို အစားထိုး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ပါဝင်ရမယ့် ခင်ဝင့်ဝါက ပေးလာတဲ့ ကာရိုက်တာအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားအတွက်ကတော့ စိန်ခေါ်မှုဆိုတာထက် ကိုယ့်အနေနဲ့ ဒီကာရိုက်တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။ လူတိုင်းကတော့ ဘယ် Perfect ဖြစ်မလဲနော်။ အမှားနည်းအောင် ကြိုးစားပြီး ပြင်ဆင်ထားပါတယ်။ ယုံယုံကြည်နဲ့ အပ်နှံအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ယုံကြည်မှုဆိုတာထက် ကိုယ်တိုင်ကြိုးစားနေတဲ့ သူဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားရမယ်လို့ ကိုယ့်ကိုယ်ကို စိတ်သွင်းပြီးတော့ အမြဲတမ်းကြိုးစားနေရမှာပဲ”လို့ ခင်ဝင့်ဝါက ပြောပါတယ်။
ဆရာတွေပြောထားတဲ့အတိုင်း အားနည်းချက်ကို အာရုံ မရမ်းမထားဘဲ အိုက်တင်ပိုင်းကို မလွတ်နဲ့ ဆိုတာကြောင့် မင်းသမီး အပြောင်းအလဲ ဖြစ်ပေမယ့် အကောင်းဆုံးကြိုစားသွားမယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။
“ညီမ အရင်ကတည်းက ပြောတယ်။ ညီမ အသံက ထူးခြားတယ်။ ယောကျာ်းနည်းနည်းဆန်တယ်။ မာတယ်။ အဲဒါကို ညီမ အားမရဘူး။ ညီမမှာ အားနည်းချက်တွေလည်း ရှိပါတယ်။ အမြဲတမ်းကြိုးစားရမယ်လို့ စိတ်သွင်းထားပါတယ်။ အသံနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပါဘူး။ ကိုဝိုင်းတို့ ဦးမျိုးတို့ ပြောထားသလို ကိုယ့်ရဲ့ အားနည်းချက်ကို ဆိုက်ကို ဝင်နေပြီးတော့ အိုက်တင်ပိုင်းကို မလွတ်နဲ့ပေါ့နော်။ အဲ့လိုမျိုး ဆရာတွေပြောထားတွေကို စိတ်ထည့်ပြီး ရိုက်သွားမှာပါ”လို့ ခင်ဝင့်ဝါက ပြောပါတယ်။
ခင်ဝင့်ဝါနဲ့ အစားထိုးရိုက်ကူးမှာဖြစ်တဲ့အတွက် ခင်ဝင့်ဝါရဲ့ အသံပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။
“ဒီကားမှာလည်း လိုအပ်ချက်တွေကို ဦးညီက အကောင်းဆုံးသင်ပေးမယ်လို့ ယုံကြည်တယ်။ စီနီယာ အစ်ကိုတွေ အစ်မတွေကလည်း လက်တွဲခေါ်မယ်လို့ ယုံကြည်မှု ရှိလာသလို၊ ကိုယ်တိုင်လည်း ယုံကြည်မှုရှိပါတယ်။ အခြေအနေ အကြောင်းကြောင်းက နေရာတိုင်းမှာ ရှိတယ်။ ဘယ်လိုတွေပဲ ဝေဖန်ပါစေ။ ဦးညီ ကူညီဖို့ ကမ်းလှမ်းတဲ့ အတွက် ညီမကတော့ အကောင်းဆုံးကြိုးစား ကူညီသွားမှာပါ”လို့ ခင်ဝင့်ဝါက ပြောပါတယ်။
“ငါမုန်းတဲ့အက္ခရာ”ဇာတ်ကား ရိုက်ကူးဖို့ မပြီးပြတ်သေးခင်မှာ ရွှေမှုံရတီက ယခုလို မင်္ဂလာပွဲ ပြုလုပ်လိုက်တဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ နှောင့်နှေးခဲ့ပြီး အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် အောင်ရဲလင်း၊ တိုင်ရွန်၊ စိုးမြတ်သူဇာနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ရွှေမှုံရတီနဲ့ ရိုက်မယ့် ဇာတ်ကားကို ခင်ဝင့်ဝါနဲ့ ပြောင်းရိုက်မယ့် ညွှန့်မြန်မာညီညီအောင်
The post ရွှေမှုံရတီ နေရာမှာ သရုပ်ဆောင်မယ့် ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားလဲ appeared first on ဧရာဝတီ.