ဒီတပတ်မှာ မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကတော့ ဒါရိုက်တာ Antoine Fuqua ရိုက်ကူးထားတဲ့ Action, Crime, Thriller အမျိုးအစားရုပ်ရှင် “The Equalizer 2” ပါ။ သရုပ်ဆောင်တွေအနေနဲ့ Denzel Washington , Pedro Pascal, Ashton Sanders တို့နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
၂၀၁၄ ခုနှစ်မှာ The Equalizer ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲရုပ်ရှင် အနေနဲ့ ထွက်ရှိခဲ့တာဖြစ်တဲ့အပြင် ဒါရိုက်တာ Fuqua နဲ့ Denzel Washington တို့ရဲ့ ၄ ကြိမ်မြောက်ပူးပေါင်း ရိုက်ကူးမှုလည်း ဖြစ်ပါတယ်။
Robert McCall ဟာ အမေရိကန် မရိန်းတပ်ဖွဲ့ကနေ အနားယူခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး သူ့ပတ်ဝန်းကျင်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စောင့်ရှောက်နေသူတဦးလည်း ဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ အစမှာတော့ တူရကီနိုင်ငံကို သွားရောက်မယ့် ရထားတစင်းပေါ်မှာ စတင်ထားပြီး အမျိုးသမီးတယောက်ရဲ့ သမီးငယ်လေးကို ပြန်ပေးဆွဲထားရာမှ ကယ်ဆယ်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် McCall ဟာ ကိုယ်ပိုင်ကားလေးနဲ့ အငှားယာဉ်မောင်းနှင်ပြီး သူ့ကိုဆက်သွယ်လာသမျှ ခရီးသည်တွေကို လိုရာပို့ဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဆူဆန်ဟာ အေဂျင်စီရဲ့ အေဂျင့်တဦး ဇနီးသည်ကို သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေမှုတို့ကို စုံစမ်းစစ်ဆေးဖို့ ဘယ်လ်ဂျီယံကို ထွက်ခွာလာခဲ့ကြပါတယ်။
စုံစမ်းစစ်ဆေးမှုအပြီးမှာ ဆူဆန်ဟာ ဟိုတယ်ကို ပြန်လာခဲ့ပေမယ့် သူမကို အသင့်စောင့်ကြိုနေတဲ့ အနုကြမ်းစီးဖို့ လူရွယ်နှစ်ယောက်လက်ချက်ကြောင့် အသက်ဆုံးပါးခဲ့ရပါတော့တယ်။ ဒါတွေကို မသိခင်အထိ McCall ရဲ့ ညနေခင်းဟာ သာယာလှပနေခဲ့ပြီး ဖတ်လက်စစာအုပ်လေးတအုပ်ကလည်း သူ့လက်ထဲမှာရှိနေခဲ့တာ ဖြစ်ပါတယ်။
အခင်မင်ဆုံး အရင်းနှီးရဆုံး မိတ်ဆွေအတွက် ပူဆွေးသောကတွေနဲ့ ဆူဆန်သေဆုံးမှုကိုရော ဆူဆန်စစ်ဆေးနေတဲ့ အမှုကိုပါ တပြိုင်နက်တည်း လေ့လာထောက်လှမ်းမှုကို စတင်ပြုလုပ်ပါတော့တယ်။
McCall တယောက် သူ့ကိုယ်သူ ပေးထားတဲ့တာဝန်ကို ကျေပွန်နိုင်ပါ့မလား၊ သူ့ပတ်ဝန်းကျင်နဲ့အတူ နောက်ထပ် အသိမိတ်ဆွေတွေကို ကာကွယ်စောင့်ရှောက်နိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
သူပြောတဲ့ စကားတခွန်း ရှိပါတယ်။ “နာကျင်မှု နှစ်မျိုးရှိတယ်။ တမျိုးက ထိခိုက်ရတဲ့ နာကျင်မှု၊ နောက်တမျိုးက အပြောင်းအလဲရဲ့ နာကျင်မှု”ဆိုတာပဲဖြစ်ပါတယ်။ IMDb rating (6.9) ရရှိထားတဲ့ ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
The post ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် အက်ရှင် မှုခင်းရုပ်ရှင် “The Equalizer 2” appeared first on ဧရာဝတီ.