ဆံပင်ပုံစံအသစ်နဲ့ ယခင်နဲ့မတူ ပြောင်းလဲမှုများစွာနဲ့ မြင်တွေ့ရတဲ့ အဆိုတော် ဘန်နီဖြိုးကတော့ သူရဲ့ပြောင်းလဲချင်စိတ် နည်းနည်းလေးကြောင့် မသိစိတ်က ပြောင်းလဲသွားတာဖြစ်တယ်လို့ ပြောပါတယ်။
“မနေ့ကနဲ့ ဒီနေ့ မတူသလိုမျိုးပဲပေါ့။ ကျနော်လည်း နည်းနည်းလေး ပြောင်းချင်စိတ်ရှိတဲ့အခါကျတော့ မသိစိတ်ကပဲ သူ့ဘာသာပြောင်းသွားတာပေါ့။ ငါပြောင်းမယ်ဆိုပြီး ပြောင်းတာတော့ မဟုတ်ပါဘူး။ ဒီလိုနေချင်တယ်။ ဒီလိုနေ လိုက်တယ်။ ဒီလိုဝတ်ချင်တယ် ဒီလိုဝတ်လိုက်တယ်။ ဒီနေရာကို သွားချင်တယ်ဆိုရင် သွားလိုက်တယ်။ ဒါပါပဲ” လို့ ဘန်နီဖြိုးကပြောပါတယ်။
တခြားကဏ္ဍတွေမှာ တွေ့ရလေ့ သိပ်မရှိတဲ့ ဘန်နီဖြိုးကတော့ သူဟာ သီချင်းဆိုနေတဲ့ သူတယောက်ဖြစ်တဲ့အတွက် သီချင်းတွေ ဆိုနေဦးမှာဖြစ်တဲ့အတွက် သီချင်းတွေ အမြဲတမ်းဖန်တီးနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်က သီချင်းဆိုတဲ့ကောင်ဆိုတော့ သီချင်းပဲဆိုမှာပဲ။ သီချင်းကတော့ အမြဲလုပ်ဖြစ်နေမှာပါပဲ။ Neon Dream ထွက်ထားတာ သိပ်မကြာသေးတဲ့အခါကျတော့ အခွေအသစ်အနေနဲ့ ထွက်ဖို့မရှိဘဲနဲ့ Single သီချင်းတချို့ထွက်မယ်။ နောက်ပြီးတော့ ကျနော့်ရဲ့ ၂၀၁၉ ခုနှစ်အတွက် Plan တချို့ရှိပါတယ်။ အဲဒါတွေကတော့ အနားနီးမှပဲ ကျနော်ပြောပြ ပေးပါမယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “ဆိုရှယ်မီဒီယာကတော့ သုံးပါတယ်။ သုံးဖြစ်ပါတယ်။ တခါတလေစိတ်ကူးပေါက်ရင် ပုံထတင်ပါတယ်။ စိတ်ကူးပေါက်ရင် ကဗျာတွေဘာတွေရေးပါတယ်။ ညအိပ်မရရင် ဗိုက်ဆာတဲ့အကြောင်းရေးပါတယ်။ အင်တာဗျူးတွေ မှာ သိပ်မတွေ့ရတာက ဘာမှထူးထူးခြားခြားဖြေစရာမရှိဘူး။ တခါလာလည်း ဒါပဲမေး။ ဒါပဲဖြေကျတော့ ကျနော်လည်း ဘာဖြေရမှန်း မသိတာနဲ့ပဲပေါ့” လို့ ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production နဲ့လက်တွဲလုပ်ကိုင်လျက်ရှိပြီး စိုင်းစိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ များကို အခုလိုပြောပြခဲ့ပါတယ်။
“သူ့ကိုက အားကျတယ်လည်း မဟုတ်ပါဘူး။ အားမကျဘူးလည်း မဟုတ်ပါဘူး။ သူလည်းသူ့ဘာသာ ကြိုးစားနေတာပါပဲ။ အဓိကကတော့ စိုင်းက အလုပ်ကို သေချာလုပ်တယ်။ သေချာကို စဉ်းစဉ်းစားစားလုပ်တယ်။ ဘယ်တော့မှ ရေတိုအတွက်မကြည့်ဘူး။ ရေရှည်အတွက်ကြည့်တယ်။ ကျနော်တို့ကိုလည်း အမြဲတမ်းတခုတည်းကို မကြည့်ဖို့ ပြောတယ်” လို့ ဘန်နီဖြိုးက ပြောပါတယ်။
သူတို့ သူငယ်ချင်းအပေါင်းအသင်းများကတော့ ကြုံရင်ကြုံသလို ဦးရာလူက ကလေးဆန်ကြပြီး အသက်အကြီးဆုံးကိုတော့ ပိုပြီး ကလေးဆန်တယ်လို့ ပြောပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ တကယ်ချစ်ရင် အမှတ်မရှိဘဲ ထပ်ခံစားရင် ခံစားရဦးမှာဖြစ်ပြီး ငယ်ငယ်တုန်းကလို အရူးအမူးချစ်ရင် ချစ်နေဦးမှာပဲလို့ ပြောပါတယ်။
အခုချိန်မှာတော့ တယောက်တည်းဖြစ်နေသေးတဲ့အတွက် သူငယ်ချင်းရဲ့ မင်္ဂလာဆောင်တွေကိုပဲ သွားဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ အသက်အရွယ်တန်းက မင်္ဂလာဆောင်တဲ့ အရွယ်ရောက်ပြီခင်ဗျ။ အဲဒီတော့ သူငယ်ချင်း မင်္ဂလာဆောင်တွေပတ်စားပါတယ်။ တချို့သူငယ်ချင်းတွေက သူတို့ဒင်နာတွေမှာ သီချင်းဆိုခိုင်းပါတယ်။ သီချင်း ၁ပုဒ် ၂ပုဒ်ဆိုပေးပါတယ်။ ပြီးရင်တော့ ပေါက်ကရစကားတွေ လျှောက်ပြောခဲ့ပါတယ်” လို့ ဘန်နီဖြိုးက ပြောပါတယ်။
ဘန်နီဖြိုးကတော့ တကိုယ်တော်အခွေများ ထွက်ရှိထားပြီး မိန်းကလေး ပရိသတ်များစွာရဲ့ အားပေးခြင်းကိုခံရတဲ့ အဆိုတော် တယောက် ဖြစ်ပြီး ယခုနောက်ဆုံးမှာတော့ Neon Dream ဆိုတဲ့ အခွေထွက်ထားပါတယ်။
The post “ကျနော့် အသက်အရွယ်က မင်္ဂလာဆောင်တဲ့ အရွယ်ကို ရောက်နေပါပြီ” appeared first on ဧရာဝတီ.