သရုပ်ဆောင် မေထွဋ်ခေါင်က နိုဝင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ ဒုတိယမြောက်သားလေးကို မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။ သားလေးကို ခန့်သူရအောင်လို့ နာမည်ပေးထားတယ်လို့ မေထွဋ်ခေါင်က ဧရာဝတီကို ပြောပါတယ်။
“သားလေးကို နိုဝင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့ပါတယ်။ တနင်္လာသားလေးဖြစ်တာကြောင့် ခန့်သူရအောင်လို့တော့ ပေးထားတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုတဲ့အတိုင်း သားသားကို ခန့်ခန့်ချောချောလေး ဖြစ်အောင်လို့ အိမ်မှာ ကိုခန့်လို့ ခေါ်မယ်။ နာမည်ကို ထပ်လည်း ရွေးချယ်သွားမယ်”လို့ မေထွဋ်ခေါင်က ပြောပါတယ်။
“ကျမရော သားရော ကျန်းမာပါတယ်။ နေပြည်တော်မှာ မွေးဖွားဖြစ်ခဲ့တာကတော့ ရန်ကုန်မှာ ကားလမ်းပိတ်တာရယ်။ ရောဂါတခုခုဆိုလည်း ကူးမြန်တယ်လေ။ ဒီမှာက သွားရတာ အဆင်ပြေတယ်။ ကျယ်လည်း ကျယ်တယ်။ အဲ့ဒါကြောင့် ဒီမှာမွေးဖြစ်တာပါ။ သား ၆လလောက်မှပဲ ရန်ကုန်ပြန်လာမယ်။ အခုတော့ သမီးလေးကို ကြီးတော်တွေနဲ့ ခဏထား ထားရတယ်။ ဒီရက်ပိုင်းမှာတော့ သမီးလေးကို ဂရုမစိုက်နိုင်ဘူး။ နောက်ပိုင်းတော့ သူ့ကို သေချာလေး ဂရုပြန်စိုက်ရမယ်”လို့ မေထွဋ်ခေါင်က ပြောပါတယ်။
လက်ရှိမှာ သားဖြစ်သူရော မိခင်ရော ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် မေထွဋ်ခေါင်က Facebook မှာ သားလေးရဲ့ ပုံတွေတင်ရင်း သူနဲ့ မတူမချင်း နောက်ထပ်တယောက် ထပ်မွေးဦးမယ်လို့ ပြောထားပါသေးတယ်။
သမီးလေး တယောက်ရှိနေတဲ့ သူတို့မိသားစုလေးကို သားလေးတယောက် ထပ်ရောက်လာပြီဖြစ်လို့ မေထွဋ်ခေါင်က ဝမ်းသာနေတယ်လို့လည်း ဆိုပါတယ်။ သရုပ်ဆောင် ဆီဇာညီညီနဲ့ မေထွဋ်ခေါင်တို့ရဲ့ဟာ ၂၀၁၆ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သမီးရဲ့နာမည်ကိုတော့ “မနန်းစံ”လို့ ပေးထားပါတယ်။
The post သားယောကျာ်းလေးမွေးဖွားလိုက်တဲ့ သရုပ်ဆောင် မေထွဋ်ခေါင် appeared first on ဧရာဝတီ.