ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲ နှစ်ယောက်က သူတို့ရဲ့ Challenge ဗီဒီယိုတွေ တင်တာကို ပရိသတ်တွေကလည်း သဘောကျ ကြိုက်နှစ်သက်ကြပါတယ်။ သူတို့ ချစ်သူနှစ်ယောက်က အမှတ်တရ အနေနဲ့ တင်ဖြစ်တာ ဖြစ်ပြီး ပရိသတ်တွေက အရမ်းကြိုက်ကြတော့ အရမ်းဝမ်းသာတယ်လို့ ဆုအိမ့်စံက မီဒီယာတွေကို ပြောပါတယ်။
“ဆုဆုတို့ နှစ်ယောက် Challenge ဗီဒီယိုလေးတွေ တင်ဖြစ်တာက ကိုယ်တို့ နှစ်ယောက်အတွက် အမှတ်တရဖြစ်အောင် တင်ဖြစ်တာ။ ဘာရယ် မဟုတ်ဘူး။ ပရိသတ်တွေက အရမ်းကြိုက်ကြတော့ အရမ်းဝမ်းသာပါတယ်။ ပထမက ပါးစပ်နဲ့ အရသာခံရတဲ့ Challenge ပေါ့။ အဲ့တုန်းက အရမ်းရယ်ရတယ်။ သူလည်း မသိအောင် ဆုဆုကလည်း စီစဉ်ထားတယ်။ အိမ်မှာ အိပ်နေရင်းနဲ့ ဘာကျွေးရင်ကောင်းမလဲ စဉ်းစားနေတာ။ နောက်ကြွက်နားရွက်ကို ယူသွားတာ”
“သူပြန်ကျွေးတော့လည်း မျက်စိပိတ်ထားတာ ကြောက်စရာကြီး အဲ့အချိန်မှာ ပါးစပ်ထဲ ဘာထည့်မလဲ မသိဘူးပေါ့။ ဒီဗီဒီယိုလေးတွေကို ကြိုက်ကြတော့ ဝမ်းသာတယ်။ နောက် ဆုဆုရယ်တာကိုလည်း ပရိသတ်တွေက သဘောကျကျတယ်။ မိတ်ကပ်ပြင်တော့လည်း ဘာမှမမြင်ရတော့ စမ်းပြီးပြင်ပေးတော့ ထွက်လာတော့ ရယ်စရာပုံတွေ ဖြစ်လာတာပေါ့။ နောက်ပိုင်းလည်း live လွှင့်ပြီး ပရိသတ်တွေ သိချင်တဲ့မေးခွန်းလည်း မေးတာတွေလည်း လုပ်မယ်။ နောက်ပိုင်း challenge တွေလည်း လုပ်ဖို့ရှိပါတယ်”လို့ ဆုအိမ့်စံက ပြောပါတယ်။
အေးချမ်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံက နှစ်ယောက်သား ရန်ဖြစ်တာလည်း သိပ်မရှိသလို ယုံကြည်မှုတွေ၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
“မင်္ဂလာသတင်းကတော့ မကြာမီ လာမည်ပေါ့။ အဲဒါကိုလည်း မီဒီယာတိုင်းကလည်းမေးတယ်။ ဝေးတယ်လို့လည်း မပြောချင်ဘူး။ နီးတယ်လို့လည်း မပြောချင်ဘူး။ ဆုဆုတို့ plan တော့ချပြီးပြီ။ နီးရင်တော့ ပြောပြမှာပါ။ ဆုဆုတို့နှစ်ယောက် ရန်ဖြစ်တာလည်း သိပ်မရှိဘူး။ နှစ်ယောက်စလုံးကတော့ တူတူ ရှိနေတာလည်း များသလို ဆုဆု မကြိုက်တာလည်း သူ မလုပ်ဘူး။ သူ မကြိုက်တာလည်း ဆုဆု မလုပ်ဘူး။ သူ ဘာလုပ်လုပ် ဆုဆု သိသလို ဆုဆုဘာလုပ်လုပ် သူသိတော့ ပြဿနာ သိပ်မရှိဘူး”လို့ ဆုအိမ့်စံက ဆိုပါတယ်။

ချစ်သူ သူရိယအပေါ် အမြင်ကိုလည်း ဆုအိမ့်စံက အခုလိုပဲ ပြောပါတယ်။
“သူကဆုဆုအတွက် အေးချမ်းတဲ့ ယောကျာ်းတယောက်ပါ။ စိတ်ပူရတာလည်း မရှိခဲ့ဘူး။ သူကိုယ်တိုင်လည်း အေးအေးချမ်းချမ်းနေတတ်တော့ Type တူတယ်။ ချစ်တာတော့ တူတူပါပဲ။ သူက ဆုဆုကို အရင်ချစ်တယ်။ နောက်ဆုဆုက သူ့ကို ချစ်တယ်။ နှစ်ယောက်လုံးကတော့ ချစ်တာ တူတူပါပဲ။ သူကတော့ သူပိုချစ်တယ်လို့ ပြောတယ်။ တယောက်ကနေပြီးပိုချစ်နေရင်လည်း အဆင်မပြေဘူးလေ။ သူ့ကို ယုံတယ်၊ နှစ်ယောက်က အမြဲအဆက်အသွယ် ရှိတယ်”
“မင်းသမီးတွေနဲ့ သူ့ကို သဝန်မတိုပါဘူး။ ကိုယ်တိုင်လည်း အနုပညာရှင်ဖြစ်တဲ့အတွက် အဲဒါကို နားလည်တယ်၊ ကိုယ်က အပြင်လူဆိုရင်တော့ တမျိုးပေါ့နော်။ အမှန်အတိုင်းပြောရရင် သူ့ကိုယုံတယ် ဆုဆု မမြင်ရတဲ့နေရာမှာ ဆိုရင်တောင်မှ သူ့ကိုယုံတယ်။ အဓိကက ယုံကြည်မှုတွေ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာ သဝန်တိုတာတော့ နှစ်ယောက်အတူတူပါပဲ။ တခါတလေသူက ပိုဆိုးတယ်။ ပိုပြီး ဂယက်ထတယ်။ တယောက်နဲ့ တယောက်က မကြိုက်တာလည်း သိတဲ့အတွက် တယောက်မကြိုက်တာ တယောက်မလုပ်ကြဘူး”လို့ ဆုအိမ့်စံက ပြောပါတယ်။
သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးမှာအတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူပါဝင် သရုပ်ဆောင်ထားပါတယ်။
လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေကလည်း သူတို့ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာချစ်သူ သက်တမ်း ၁ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။
The post “မင်္ဂလာသတင်းကတော့ မကြာမီလာမည်”လို့ ပြောတဲ့ ဆုအိမ့်စံရဲ့ အချစ်ရေး appeared first on ဧရာဝတီ.