ကလေး သရုပ်ဆောင်ဘဝကတည်းက အနုပညာလောကမှာ သရုပ်ဆောင်ကောင်းစွာနဲ့ ရပ်တည်လာခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်းက အရွယ်ရောက်လာတဲ့အခါ ခေါင်းဆောင် မင်းသမီးနေရာမှာ သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိနေပေမယ့် အချိန်တခုကို စောင့်နေပြီး ထပ်နေတဲ့ ဇာတ်လမ်းမျိုးတွေကို မရိုက်ချင်တာကြောင့် မရိုက်ဖြစ်သေးဘူးလို့ ပြောပါတယ်။
“ခေါင်းဆောင်မင်းသမီးနေရာက လာပြောကြတယ်။ ၁၈ နှစ်ရောက်ပြီဆိုတော့ မင်းသမီးတယောက် အနေနဲ့ ရိုက်လို့ရပြီဆိုပြီး ဒါရိုက်တာတွေ၊ ထုတ်လုပ်ရေးတွေက ယုံကြည်ပြီး ကမ်းလှမ်းကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ လိုက်ဖက်မယ့် ကာရိုက်တာရယ် ကိုယ့်ဆရာတွေနဲ့ရယ် စရိုက်မယ်ဆိုတာက ရှိနေတော့ အချိန်တခုကို စောင့်နေတာပါ”လို့ ယွန်းယွန်းက ပြောပါတယ်။
ယွန်းယွန်းအနေနဲ့ ပရိသတ်များ စိတ်ဝင်စားစေမယ့် ဇာတ်လမ်းမျိုး၊ လူငယ်ဆန်ပြီး ခေတ်နဲ့ မဟတဲ့ ဇာတ်မျိုးတွေကို ရိုက်ချင်ပြီး နောက်နှစ်ထဲမှာတော့ ဆက်တိုက် ရိုက်ဖြစ်သွားမယ်လို့ ပြောပါတယ်။
“ကားကြီးတွေက ဆယ်တန်းပြီးလောက်ကတည်းက လာပြောကြတယ်။ ဒါပေမဲ့ ဇာတ်လမ်းလေးရွေးနေတာလည်း ပါတယ်။ ပရိသတ်တွေကို ရိုက်ပြရင် စိတ်ဝင်စားမယ့် ဇာတ်လမ်းဖြစ်စေချင်တယ်။ ထပ်နေတဲ့ ဇာတ်လမ်းတွေဆိုရင် ကိုယ်တိုင်လည်း ရိုက်ရတာ သိပ်ပြီးမတက်ကြွဘူး”
“ပရိသတ်လည်း ကြည့်ရတာအဆင်မပြေမှာစိုးတယ်။ လူငယ်ဆန်တဲ့ဇာတ်လေးတွေရယ် ခေတ်နဲ့ သိပ်မဟတဲ့ ဇာတ်လေးတွေရယ် ရွေးနေတာပါ။ နောက်နှစ်ဆိုရင်တော့ ဆက်တိုက်ရိုက်ဖြစ်မယ်” လို့ ယွန်းယွန်းက ပြောပါတယ်။
ကလေး သရုပ်ဆောင်ဘဝက ကားရိုက်များက နေ့တိုင်း နီးပါးရှိခဲ့ပြီး ကလေးသရုပ်ဆောင်အနေနဲ့ ကာရိုက်တာက ကွဲပြားမှု မရှိခဲ့တာကြောင့် အသက်ကြီးလာတဲ့အခါ မင်းသမီးတယောက်အနေနဲ့ ကာရိုက်တာ ကွဲတာတွေကို လုပ်ကြည့်ချင်တယ်လို့ ယွန်းယွန်းက ပြောပါတယ်။
“ငယ်ငယ်တုန်းက ကားရိုက်တွေက အရမ်းများတယ်။ နေ့တိုင်းနီးပါး ရှိတယ်။ ရိုက်သမျှကာရိုက်တာက သိပ်မကွာဘူး။ ထပ်နေတယ်။ ကလေး ကာရိုက်တာက သိပ်မရှိဘူး။ ကားရိုက်တွေကများနေပေမယ့် ကာရိုက်တာက ထပ်နေတယ်။ အဲဒါကိုမကြိုက်ဘူး။ ကြီးလာလို့ မင်းသမီးလုပ်လို့ ပြန်ရိုက်တဲ့အခါကျရင် ကာရိုက်တာ ကွဲတာမျိုးတွေ စုံအောင် လုပ်ကြည့်ချင်တယ်”လို့ ယွန်းယွန်းက ပြောပါတယ်။
ယွန်းယွန်းဟာ ကလေးသရုပ်ဆောင်ဘဝကတည်းကပင် ဟဲဗီး ဒရာမာ ဇာတ်ရုပ်များကို ပိုင်နိုင်ခဲ့ပြီး ယခုအရွယ် ရောက်လာတဲ့အခါမှာလည်း ဟဲဗီး ဒရာမာများအတွက် လာရောက်ကမ်းလှမ်းမှုများရှိနေတယ်လို့ ဆိုပါတယ်။
“ဟဲဗီး ဒရာမာတွေကို လုပ်နိုင်မယ်ဆိုပြီး လာကမ်းလှမ်းတာတွေ ရှိပါတယ်။ အံ့တောင်အံ့သြပါတယ်။ ပြန်လည် းစဉ်းစားနေပါတယ်။ ဒါပေမဲ့ ပြန်ရိုက်ရိုက်ချင်းကြီးတော့ ဟဲဗီးကာရိုက်တာကြီးနဲ့ ထွက်တယ် ဆိုတာထက် ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ပြီးတော့ ဥပမာ အခုနေ အိမ်ထောင်ရေး ဇာတ်လမ်းကြီးတွေ ကလေးအမေ ဇာတ်လမ်းကြီးတွေဆို ဘယ်သူကကြည့်ချင်မှာလဲနော်။ အဆင်လည်း မပြေဘူးနော်။ ကိုယ့်အသက်နဲ့ မကွာတဲ့ ဇာတ်မျိုးတွေပဲ စရိုက်မယ်” လို့ ယွန်းယွန်းက ပြောပါတယ်။
ယွန်းယွန်းကိုတော့ ဆယ်တန်းဖြေပြီးစဉ်ကတည်းက ပရိသတ်များက ဘယ်လို ဇာတ်ရုပ်နဲ့ မြင်တွေ့ရမလဲဆိုတာကို ရင်ခုန်နေကြပေမယ့် ယွန်းယွန်းကတော့ အချိန်အတိုင်းအတာ တခုကို စောင့်ပြီး မကြာခင်မှာတော့ ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။
ယွန်းယွန်းကတော့ လက်ရှိမှာ စိတ်ပညာအဓိကဖြင့် တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူတယောက်ဖြစ်ပြီး ယခုနှစ်ပိုင်းမှာတော့ ပညာရေးဘက်ကို သေချာကြိုးစားနေတယ်လို့ ဆိုပါတယ်။
The post ထပ်နေတဲ့ ဇာတ်လမ်းမျိုးတွေ မရိုက်ချင်တဲ့ သရုပ်ဆောင် ယွန်းယွန်း appeared first on ဧရာဝတီ.