MRTV 4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်ရဲ့အာပေးချစ်ခင်မှုရရှိခဲ့တဲ့ သရုပ်ဆောင် ဝင့်ယမုံလှိုင်ကတော့ သူမရဲ့နာမည်ကို မကြာသေးမီက ဝင့်ယမုံနိုင် ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။ ဒီလို နာမည်ပြောင်းလဲခဲ့တာကိုတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့်ပဲ ကြော်ငြာခဲ့တာကြောင့် တချို့ပရိသတ်တွေက မသိသေးတာတွေရှိသေး တယ်လို့ ပြောပါတယ်။
“နာမည်ပြောင်းတာကတော့ အကြောင်းကြောင်းကြောင့် ယမုံကပြောင်းဖို့ သူများတွေတိုက်တွန်းခဲ့ပေမယ့် အချိန်ဆွဲနေခဲ့တယ်။ အခုမှ ပြောင်းဖို့ဆုံးဖြတ်ဖြစ်သွားတာပါ။ အစကတော့ မီဒီယာတွေကို ဖိတ်ပြီး ကြော်ငြာမလို့ပဲ။ ဒါပေမယ့် လုပ်မယ်လုပ်မယ်နဲ့ မလုပ်ဖြစ်လိုက်ဘဲနဲ့ ယမုံ့ရဲ့ Facebook မှာပဲကြော်ငြာလိုက်တော့ သတင်းမီဒီယာ တွေပဲသိသွားပြီးတော့ တချို့ပရိသတ်တွေက မသိသေးတဲ့သူတွေရှိတယ်” လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။
နာမည်ပြောင်းလဲခဲ့တာကတော့ သူမရဲ့ ကျန်းမာရေး ၊လူမှုရေး ၊ ပညာရေး ၊ စီးပွားရေးစတဲ့ အကြောင်းအရာများမှာ အဆင်ပြေဖို့အတွက် ပြောင်းလဲခဲ့ရတာဖြစ်ပြီး ဝင့်ယမုံလှိုင်ဆိုတဲ့ နာမည်က နာမည်အရင်းဖြစ်တဲ့အပြင့် ညီအစ်မ တွေနဲ့လည်း ဆင်တူတာကြောင့် မပြောင်းချင်ခဲ့ဘူးလို့ ပြောပါတယ်။
“ယမုံ့ရဲ့ ကျန်းမာရေး ၊ လူမှုရေး ၊ ပညာရေး ၊စီးပွားရေး အစစ အကုန်လုံးမှာအဆင်ပြေဖို့အတွက် ပြောင်းဖို့အကြံပေး ကြတယ်။ ဒါပေမယ့် ယမုံက နာမည်အရင်းဆိုတော့လေ မပြောင်းချင်ဘူး။ ညီအမတွေအကုန်လုံးကလည်း လှိုင်ပါတယ်။ နောက်တော့ အကုန်လုံးက တိုက်တွန်းတော့ ပြောင်းဖို့ဆုံးဖြတ်လိုက်တာပါ” လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။
အကြောင်းကြောင့် နာမည်ပြောင်းလိုက်ရတဲ့အတွက် ပရိသတ်များက နားလည်ပေးစေချင်တယ်လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။
ဝင့်ယမုံနိုင်ကတော့ MRTV 4 မှ ပထမဆုံးရိုက်ကူးခဲ့တဲ့ “The Sign of Love”ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိပြီးတဲ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားများ ၊ ဗီဒီယိုဇာတ်ကားများကို ရိုက်ကူးလာခဲ့ရပါတယ်။
“ယမုံတို့ The Sign of Love ဇာတ်လမ်းတွဲနဲ့ ခြေလှမ်းစလှမ်းတုန်းကတော့ အကုန်လုံးက အစပဲရှိသေးတော့ လိုအပ်ချက်တွေလည်း အများကြီးရှိသေးတယ်။ အဲဒီကြားထဲကမှ ပရိသတ်တွေက မျက်နှာသစ်တွေကိုလည်း လက်ခံတယ်။ အများကြီးအားပေးလာတာကြောင့် အများကြီးရိုက်ခွင့်ရလာတယ်။ သရုပ်ဆောင်သစ်တွေလည်း အများကြီးပေါ်လာတယ်။ အဲဒီအပေါ်မှာ အများကြီးဂုဏ်ယူပါတယ်” လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။
ဝင့်ယမုံနိုင်ကတော့ လတ်တလောမှာ “ကျမက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတခုပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
The post “နာမည်ပြောင်းလိုက်တာကို တချို့ပရိသတ်တွေမသိသေးဘူး” ဆိုတဲ့ ဝင့်ယမုံနိုင် appeared first on ဧရာဝတီ.