အဆိုတော် ထူးအယ်လင်းဟာ ဂီတသက်တမ်း ၁၇ နှစ်ရှိပြီဖြစ်ပြီး သူရဲ့ ၄ ခွေမြောက် တကိုယ်တော်ခွေ တေးစီးရီးဟာ ဒီဇင်ဘာလမှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
ထူးအယ်လင်းရဲ့ လက်ရှိ ဂီတအကြောင်း၊ စိတ်ခံစားမှုများအကြောင်းနဲ့ သီချင်းဆိုပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အမြင်များကို ဧရာဝတီ သတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မကြာခင်ထွက်မယ့် တကိုယ်တော်ခွေ တေးစီးရီးနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၁၈ လောက် ထွက်မယ်။ အခွေနာမည်ကို “နောင်တ”လို့ပေးထားတယ်။
မေး။ ။ “နောင်တ” လို့ နာမည်ပေးဖြစ်တာက ဘယ်အကြောင်းအရာတွေကြောင့် ပေးဖြစ်တာလဲ။ သီချင်းဘယ်နှစ်ပုဒ်လောက် ပါမလဲ။
ဖြေ။ ။ ကျနော်တို့ အနုပညာသမားတွေကို လိုက်ကြည့်လို့ မရဘူး။ အနုပညာက သတ်သတ် လူက သတ်သတ်ပါ။ ကျနော်တို့လည်း အမှားတွေ မှားခဲ့ဖူးပါတယ်။ လူတိုင်းအလုပ်လုပ်နေရင် အမှားမကင်းဘူး။ နေ့တိုင်းစားပါလျက် မဝတာအစား။ အမှားတော့ မကင်းဘူး။ ဒါပေမဲ့ ဆင်ခြင်ပြီး လုပ်ရတာပေါ့။ နောင်တဆိုတာ လူတိုင်းမှာ ရှိတယ်။ ထူးအယ်လင်းမှာလည်း နောင်တ ရှိတယ်။ နောင်တရတာတွေ ဟားပစ်လိုက်တယ်။
လူပဲ ကြည့်လိုက် စိတ်ဆင်းရဲလို့ ဝနေတယ်။ ဟားလိုက်တယ်။ ငါလည်း လူ၊ မင်းလည်း လူပဲ။ မင်းက မမှားရအောင် ဘာမလို့လဲ။ အမှားကကြီးကြီးနဲ့ သေးသေးပဲကွာတယ်။ အမှားက အမှားပဲ။ ကျနော့် အခွေက နောင်တ သီချင်းလေးကို နားထောင်ကြည့်မှ ပိုသိလိမ့်မယ်။ သီချင်း ၁၀ ပုဒ်လောက် ပါတယ်။ နောင်တကို အွန်လိုင်းကနေ တင်ပေးဖို့ ရှိတယ်။
မေး။ ။ အွန်လိုင်းခေတ်လည်းဖြစ်နေတော့ အခွေထွက်တဲ့အခါ ဘယ်လိုတွေ ရင်ဆိုင်ရမလဲ။
ဖြေ။ ။ အခုခေတ်က Social Media အားကောင်းတဲ့ခေတ်။ ဒါပေမဲ့ မြန်မာလို တွေးတယ်။ အွန်လိုင်းပေါ်မှာ တင်ပေးလို့ အလကား နားထောင်ရရင်လည်း အလကားသာ နားထောင်။ ကျနော်တို့ သီချင်းတွေက အလကား လုပ်ထားတာ မဟုတ်ဘူးလေ။ သူတို့လည်း တန်ဖိုးထား နားထောင်ရင်တော့ မြတ်တယ်။
အခက်အခဲရှိတဲ့ သူတွေလည်း ရှိသလို ပြေလည်တဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့က အကောင်းမြင်ဝါဒလေးနဲ့ ပြောမှရမယ်။ အွန်လိုင်းကနေသီချင်းတွေ တင်ရင်တော့ အဓိက နာမည်ကြီးတာ အဆိုတော်တွေနဲ့ တေးရေးတွေပေါ့။
မေး။ ။ ကိုထူးအယ်လင်း သီချင်းတွေက အောင်မြင်ခဲ့တာတွေ များတယ်။ ဒီလို အဓိကအောင်မြင်ရခြင်း အကြောင်းက ဘာဖြစ်မလဲ။
ဖြေ။ ။ ရိုးသားမှုပဲ။ ကိုယ့်သီချင်းပေါ်ကိုယ် စေတနာထားတယ်။ ကိုယ်တိုင် ရင်ဘက်ထဲမှာ နှစ်သက်မှ ပရိသတ်ကို ချပြမှ ပရိသတ်က နှစ်သက်မှာ။ ကိုယ်တိုင်ရင်ဘတ်ထဲကနေ ဆိုမှ ပရိသတ်ကလည်း ရင်ဘတ်ထဲကနေ နားထောင်မှာ။ ကျနော်သီချင်းဆိုရင် ပန်းချီဆွဲသလိုဆိုတယ်။ ကိုယ်တိုင်စိတ်ရှိမှလည်း သီချင်းဆိုတယ်။
မေး။ ။ သီချင်းဆို ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လုပ်ဖို့ရော အစီအစဉ် ရှိမလား။
ဖြေ။ ။ ဒိုင်လုပ်ရင်တော့ ကျနော်က ဆဲမှာ။ မင်းကွာ အသုံးမကျဘဲနဲ့ အဲ့လောက်နဲ့တက်မလာနဲ့ကွာ အာရုံနောက်တယ်တို့ ဘာတို့။ ကောင်းတဲ့ကောင်ကျတော့လည်း မင်းဒီလောက်ကောင်းတာ လာပြိုင်နေသေးတယ်ကွာ။ ငါတို့ဆို တခါမှ ပြိုင်ပွဲ မဝင်ဘူး။ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ပြီးတော့ လုပ်ပါလားကွာတို့ ဘာတို့ ပြောမှာ။
အခုခေတ်မှာ အောင်မြင်နေတဲ့ ငှက်ပျောသီးတို့ တလွဲတွေလုပ်တာ။ သူရဲ့စန်းလေးကကောင်းတယ်။ သူ ရိုးသားတယ်။ ကျနော်ကြိုက်တယ်။ သူက အတည် တလွဲတွေ လုပ်တာ အဲဒါမှ အောင်မြင်တာ။ သားစစ်တို့လည်း တလွဲတွေပဲ။ ဆဲဆိုပြီးတော့ ကိုယ်တိုင်တခါ ဆဲတာ ရှက်ပြီး မဆဲရဲဘူး။ ဒီကောင်တွေက လှိမ့်ဆဲတာ။
ထိန်းသိမ်းသင့်တာ ထိန်းသိမ်းပါ။ အရည်အချင်းနဲ့ အရည်အတွက် ကွာပါတယ်။ ပြိုင်ဆိုင်တယ်ဆိုတာ အရေအတွက်တွေ ပါရမီ မဟုတ်ဘူး။ ပါရမီရှိတဲ့သူကျတော့ ပြိုင်ဆိုင်စရာမလိုဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်နေရင်းနဲ့မှ အောင်မြင်သွားတယ်။ ကျနော့်ကို ဒိုင်အဖြစ်ကမ်းလှမ်းခဲ့ရင်တော့ စဉ်းစားဦးမယ်။ ကြိုက်ဈေးရရင် လုပ်မယ်။ ကြိုက်ဈေးမရရင် မလုပ်ဘူး။
သူတို့လည်း ပိုက်ဆံနဲ့ အလုပ်လုပ်တာလေ။ ချမ်းသာသွားတာက ဖုန်းကုမ္ပဏီတွေချမ်းသာသွား တာလေ။ ကလေးတွေ အဆင်ပြေတော့ပြေပါတယ်။ ပြိုင်ပွဲကနေတကယ် ကောင်းတဲ့သူတွေလည်း ရှိတယ်။ ချမ်းသာသွားတာ ဘယ်သူတွေလဲ။
မေး။ ။ ပရဟိတတွေ လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။
ဖြေ။ ။ ကျနော် စီးရီးထွက်တုန်းကတော့ ပျော်တယ်လေနော်။ လူဆိုတာ အောင်မြင်မှုမှာတော့ မက်မောကြတာပဲပေါ့။ ဒါပေမဲ့ ကြာတော့ ဒါတွေက ငြီးငွေ့ကုန်တယ်။ သူ့ထက်ငါ ပြိုင်ဆိုင်လိုစိတ်များလာတော့ လောဘလည်း ပိုကြီးလာတယ်။ အတ္တ ပိုကြီးလာတယ်။ လူကနောက်ဆုံး အဲဒါတွေကို ဖီလင် မရှိတော့ဘူး။
ကျနော်သက်တမ်း ၁၇ နှစ်မှာ ကျနော်သီချင်းလေးတွေ အောင်မြင်ခဲ့တယ်။ ကြာတော့ ဘာမှလည်း မဟုတ်ဘူး။ အဲ့တော့ ကျနော် ပရဟိတွေ လုပ်တယ်။ အဲဒီက ပိတီက အဆင်ပြေတယ်။ ငွေထက် အဆင်ပြေတယ်။ ကျနော် ပွဲတပွဲကို ၂၅ သိန်း ရတယ်။ ၃ ပုံ ပုံလိုက်တယ်။ ၁ ပုံကို စုတယ်။ ၁ ပုံကို သုံးတယ်။ ၁ ပုံကို လှူတယ်။
ဒီတော့ စိတ်ထဲမှာ ပိုကြည်လာတယ်။ ကျနော်နောက်ပိုင်းလည်း ကျနော်လုပ်နိုင်သမျှ ပရဟိတတွေ လုပ်ဦးမှာပါ။ ဘုရားတည်တာ ၃ ဆူလောက် ရှိပြီ။ မိဘမဲ့ဂေဟာတွေ ဘကကျောင်းတွေ ဘိုးဘွားရိပ်သာတွေကို လှူတယ်။
မေး။ ။ ရုပ်ရှင်ရော ရိုက်ဖို့ ရှိဦးမလား။
ဖြေ။ ။ မရှိဘူး။ ရုပ်ရှင်ရိုက်ရမှာ ပျင်းလို့။ နောက်ပင်ပန်းတယ်။ ကိုယ်တွေက အသံနဲ့ပဲ သရုပ်ဆောင်ချင်တယ်။ ရုပ်ရှင်သရုပ်ဆောင်တွေကို အံ့သြတယ်။ မြင့်မြတ်တို့လည်း တော်တယ်။ သူတို့ သီချင်းဆိုဆို သူတို့ မဆိုချင်ဘူး။ သူ့သန်ရာ သန်ရာလေးတွေတော့ ရှိတာပေါ့။ ကျနော့်ကို ယုန်လေး ထပ်ခေါ်ရိုက်ရင်လည်း မရိုက်တော့ဘူး။ ။
The post “နောင်တဆိုတာ ထူးအယ်လင်းမှာလည်း ရှိတယ်၊ နောင်တတွေကို ဟားပစ်လိုက်တယ်” appeared first on ဧရာဝတီ.