အချိန်ကာလတခုအကြာထိ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခဲ့တဲ သရုပ်ဆောင် မင်းဟိဏ်းကတော့ အခုချိန်မှာ သူမှားခဲ့တဲ့ အမှားတွေအတွက် ပြန်လည်ပြင်ဆင်ကာ နေထိုင်နေလျက်ရှိပြီး အနုပညာအလုပ်များကို ပြန်လည် လုပ်ကိုင်သွားဖို့ အနုပညာအသိုင်းအဝိုင်းက လူတွေကို သူ့ရဲ့အမှားတွေအတွက် တောင်းပန်ချင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခု အနုပညာအသိုင်းအဝိုင်းကို အရင်ဆုံး တောင်းပန်ချင်ပါတယ်။ ကျနော့်ကို လက်ခံပေးဖို့ရယ်၊ အနုပညာ အသိုင်းအဝိုင်းထဲမှာဆိုရင်လည်း လူဆိုးတယောက် မဟုတ်ပါဘူးလို့ လုပ်ဖော်ကိုင်ဖက်တွေက ကျနော့်ကိုမြင်နေတဲ့ အမြင်တွေရှိတယ်။ အဲဒီလိုတွေလည်း အထင်မလွဲကြပါနဲ့လို့ ကျနော်က အဲဒီလိုမျိုးလည်း မဟုတ်ပါဘူး”လို့ မင်းဟိဏ်းက ဧရာဝတီကို ပြောပါတယ်။
“အဲဒီလိုတွေ မြင်ခဲ့တဲ့ ကာလက ဆိုးခဲ့တာ ပေခဲ့တာတွေ? မိုက်ခဲ့တာတွေနဲ့ ပြစ်မှားမိခဲ့ရင် ခွင့်လွှတ်ကြပါ။ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကို မောင်နှမတွေကို တောင်းပန်ချင်ပါတယ်”လို့ မင်းဟိဏ်းက ပြောပါတယ်။
မူးယစ်သားကောင်အဖြစ် အချိန်ကာလ ၂နှစ်ကျော်ကြာ အားလုံးနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး လွန်ခဲ့တဲ့ ၆ လကျော်မှာပင် မိဘများကို ပြန်လည်တောင်းပန်ကာ ဆေးရုံမှာ ၃ လခန့် မူးယစ်ဆေးဝါးဖြတ်တောက်ခဲ့ပြီး ရဟန်းဘောင် ဝင်ရောက်ပြီးတော့လည်း သူ့ရဲ့အပြစ်တွေကို ပြန်လည်ဆင်ခြင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အချိန်အတွင်းမှာတော့ သူ့ရဲ့မိဘအသိုင်းအဝိုင်း၊ အနုပညာ အသိုင်းအဝိုင်းများကို အဆက်အသွယ် ဖြတ်တောက်ပြီး မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ်သာ ကျင်လည်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းဟိဏ်းကတော့ သူ့ဆိုးခဲ့တဲ့ အချိန်အတွင်းက အမှားများအတွက် အနုပညာ အသိုင်းအဝိုင်းကို ပြန်လည်တောင်းပန်ရန်အတွက် ပြင်ဆင်နေပြီး အခုချိန်ထိတော့ မတွေ့ရသေးတဲ့အတွက် မီဒီယာကတဆင့် တောင်းပန်ခဲ့ပါတယ်။
“အခုထိတော့ မတွေ့ရသေး၊ တွေ့လည်းတွေ့ချင်တယ်။ လူချင်း မတွေ့တာရယ် စုစည်းကြတဲ့ ရုပ်ရှင်အစည်းအရုံးတို့ ဘာတို့မှာလည်း မတွေ့ဖြစ်သေးဘူး။ သူတို့နဲ့ မတွေ့ခင် မီဒီယာကတဆင့် ပြောပြချင်တာပါ။ သူတို့ကိုတွေ့ရင် အရင်ဆုံး တောင်းပန်ချင်ပါတယ်။ လက်ခံပေးမယ်ဆိုရင် တွေ့မှာပါ။ ညီစ်အကို မောင်နှမတွေကတော့ ခွင့်လွှတ်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအတွက်လည်း စောင့်နေပါတယ်။ တွေ့ပြီးရင် ကျနော် အလုပ်ပြန်လုပ်မယ်”
“အနုပညာအလုပ် ပြန်လုပ်ဖို့အတွက် ပြန်ပြီးတော့ လက်တွဲမယ်။ ကျနော် ဒုက္ခပေးသလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ဒုက္ခပေးချင်တဲ့ စိတ်တော့ မရှိပါဘူး။ အနှောင့်အယှက်ပေးသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ” လို့ မင်းဟိဏ်းက ပြောပါတယ်။
မင်းဟိဏ်းနဲ့ ပတ်သက်တဲ့ သတင်းစကားများစွာထဲက တချို့သော အကြောင်းအရာများမှာ ဟုတ်တာလည်း ပါသလို၊ မဟုတ်တာတွေလည်း ရှိတာကြောင့် အခုအချိန်မှာ အနုပညာအလုပ်များကို ပြန်လုပ်ချင်တဲ့အတွက် အနုပညာ အသိုင်းအဝိုင်းက သူ့ကို လက်ခံပေးဖို့အတွက် မျှော်လင့်နေပါတယ်လို့ ပြောပါတယ်။
“ရုပ်ရှင်ရော ၊ ဗီဒီယိုရော အသိုင်းအဝိုင်းက ညီအစ်ကို မောင်နှမတွေကို ပြောချင်တာကတော့ ကျနော် အရင်စိတ်ပါပဲ။ ကျနော် ဒီကြားထဲမှာ ကိုယ့်ဘာသာကိုယ် မိုက်လို့ ရှောင်ထွက်သွားသလိုဖြစ်သွားတဲ့ကိစ္စက အခုအသိတရား ပြန်ရပြီးတော့ တချို့ကိစ္စတွေက ဟုတ်တာတွေလည်း ရှိတယ်။ မဟုတ်တာတွေလည်း ရှိတယ်။ အခုပြန်လာခဲ့ပြီးတော့ အလုပ်တွေပြန်လုပ်မယ် ဆိုတဲ့အချိန်မှာ ကျနော့်ကို ဝိုင်းပြီးတော့ လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ မင်းဟိဏ်းက ပြောပါတယ်။
အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်တဲ့အချိန်မှာ လူငယ် သရုပ်ဆောင်အသစ်များကို သူတတ်ထားတဲ့ အရာများကို ပြန်လည်မျှဝေပေးချင်ပြီး အခက်အခဲတချို့အတွက်လည်း အကြံဉာဏ်များ ပေးချင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က သရုပ်ဆောင်တယောက်ဖြစ်တဲ့အတွက်ကြောင့် သရုပ်ဆောင်အသစ်တွေကို လက်ဆင့်ကမ်းပေးဖို့အတွက်ကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားထားတယ်။ နောက်တက်မယ့် လူငယ်တွေကို ကိုယ်သိသလောက်တတ်သလောက် ကူညီပေးဖို့အဆင်သင့် ရှိပါတယ်”
“ကျနော်က လက်တွဲခေါ်နိုင်ဖို့ဆိုတာထက် လက်တွဲ မခေါ်နိုင်ရင်တောင် အခက်အခဲတချို့ကို အကြံဉာဏ်လေး တွေပေးချင်တယ်။ လိုအပ်တာတွေ ရှိရင်လည်း အချိန်မရွေး မေးလို့ ရပါတယ်လို့ ပြောချင်ပါတယ်” လို့ မင်းဟိဏ်းက ပြောပါတယ်။
မင်းဟိဏ်းကတော့ အခုချိန်မှာ မိသားစုရဲ့ကိုယ်ပိုင်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေပြီး သူ့ရဲ့မှားခဲ့တဲ့ အမှားများအတွက်လည်း တောင်းပန်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။
The post “အတိတ်က ဆိုးခဲ့တာတွေအတွက် အနုပညာအသိုင်းအဝိုင်းက လူတွေကို တောင်းပန်ချင်တယ်” appeared first on ဧရာဝတီ.