Quantico ရုပ်သံစီရီးစတား ဘောလိဝုဒ်မင်းသမီး Priyanka Chopra နဲ့ အမေရိကန်အဆိုတော် Nick Jonas တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက အိန္ဒိယရဲ့ နာမည်အကျော်အကြားဆုံး တော်ဝင်နန်းတော်တခုမှာ ကျင်းပခဲ့ပြီး နီးစပ်တဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ တက်ရောက်ခဲ့တဲ့ ခရစ်ယာန် အခမ်းအနားတခုမှာ လက်ထပ်လိုက်ကြပြီဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း ရိုးရာဟိန္ဒူ လက်ထပ်ပွဲ အခမ်းအနားတခုကိုလည်း ပြုလုပ်ခဲ့ပြီး အခုသီတင်းပတ်ထဲမှာလည်း ဧည့်ခံပွဲတခုကို ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။
သူတို့ မင်္ဂလာဇနီးမောင်နှံနဲ့ အခြား လက်ထပ်ပွဲပါတီကို တက်ရောက်လာသူတွေဟာ ဒီဇိုင်းကုမ္ပဏီ Ralph Lauren ကနေ ဖန်တီးထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်လာခဲ့တာကိုတွေ့ရပါတယ်။ လက်ထပ်ပွဲကိုတော့ သတို့သားရဲ့ ဖခင် Paul Kevin Jonas က ကြီးမှူးကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။
ABC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ “Quantico” မှုခင်းဒရာမာမှာ ပါဝင်ထားတဲ့အသက် ၃၆ နှစ်အရွယ် မင်းသမီး Chopra ဟာ လက်မှတ်တွေ စံချိန်တင်အောင် ရောင်းချခဲ့ရတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဘောလိဝုဒ်ရဲ့ နာမည်ကျော် အမျိုးသမီး သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။
Kevin ၊ Joe တို့နဲ့အတူ ၂၀၀၅ ခုနှစ်မှာ “The Jonas Brothers” ဆိုတဲ့အဖွဲ့မှာ ပါဝင်ခဲ့ဖူးတဲ့ အသက် ၂၆ နှစ်အရွယ် Nick Jonas တို့ဟာ Disney ရဲ့ နာမည်ကျော် ဆယ်ကျော်သက်စတားအဖြစ် လူသိများခဲ့သူ ဖြစ်ပါတယ်။
သူတို့အဖွဲ့ကတော့ ၂၀၁၃ ခုနှစ်မှာ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ကြင်စဦး ဇနီးမောင်နှံရဲ့ ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။ လက်ထပ်ပွဲကျင်းပခဲ့တဲ့ နေရာကတော့ Jodhpur မြို့က Umaid Bhavan ဆိုတဲ့ နန်းတော်ဖြစ်ပြီး ပြင်ပပုဂ္ဂိုလ်တွေကိုရော မီဒီယာတွေကိုရော ဝင်ရောက်ခွင့် မပြုထားပါဘူး။
လက်ထပ်ပွဲမှာ ဓာတ်ပုံရိုက်ယူဖို့ ကြိုးစားခဲ့တဲ့ ဓာတ်ပုံဆရာတွေနဲ့ လုံခြုံရေးတွေ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖြေရှင်းခဲ့ရပါသေးတယ်။ အဲဒီနန်းတော်ဟာ Jodhpur တော်ဝင်မိသားစုရဲ့ နေအိမ် ဖြစ်ပေမယ့် ၂၆ ဧက ရှိတဲ့ ဥယျာဉ်ကြီးထဲမှာ လွှတ်ထားတဲ့ ဒေါင်းတွေနဲ့အတူ ဟိုတယ်အဖြစ် အသွင်ပြောင်း ဖန်တီးထားပါတယ်။
Ref: asiaone
The post အိန္ဒိယရဲ့ နာမည်ကျော် နန်းတော်တခုမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra appeared first on ဧရာဝတီ.