မကြာခင်ရုံတင်ပြသမယ့် “ရန်သူ” ဇာတ်ကားမှာ မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နေမင်းက ဝတ်ထားတဲ့ အဝတ်အစားတွေကအစ မြင်တွေ့နေကျ မဟုတ်တဲ့ ပုံစံကို သရုပ်ဆောင်ထားတာကြောင့် ကာရိုက်တာ မပီပြင်မှာကို စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော် ဒီကားလေးကို အရမ်းကြောက်တယ်။ ကျနော့် ကာရိုက်တာ ပီပြင်ပါ့မလားဆိုတာကို အရမ်းစိတ်ပူခဲ့တယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေကအစ ကျနော် မဟုတ်တဲ့ ပုံစံကို တခုကိုတည်ဆောက်ထားတဲ့ဇာတ်။ အဲ့အတွက် စိုးရိမ်ခဲ့တယ်။ အခုတော့ စိတ်ထဲမှာ မဆိုးဘူးလို့ ခံစားရတယ်”
“ဘဝမှာ အစိုးရိမ်ဆုံး ဇာတ်ကားပေါ့။ အပွင့်တွေဝတ်တယ် ဆိုကတည်းက မဟုတ်တဲ့ စိတ်ကြီးဖြစ်နေတာပေါ့။ ဒါပေမယ့် ဒီကားမှာ ကိုယ့်ကိုယ်ကို မဆိုးဘူးလို့တော့ ထင်မိတယ်။ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးကောင်လို့ ကျနော် ကောင်းသွားတာပါ။ အဲ့လို အပွင့်တွေက ပထမဦးဆုံး ဝတ်ဖူးတာပါ။ ရန်သူဟာ ကျနော့်အတွက် စိန်ခေါ်မှုများတယ်။ နောက်ပိုင်း ဖက်ရှင်တွေကတော့ ကျနော်ဝတ်နေကျ အတိုင်းပဲဝတ်မှာပါ။ ဇာတ်ရုပ်အရတော့ ဝတ်သင့်ရင်တော့ ဝတ်မှာပါ” လို့ နေမင်းက ပြောပါတယ်။
“ရန်သူ” ဇာတ်ကားမှာ နေမင်းက Tom Boy အဖြစ် သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်နဲ့အပြိုင် မိန်းကလေးတယောက်ကို ပြိုင်ကြိုက်ရတဲ့ ဇာတ်ဝင်ခန်းပါဝင်ပြီး ဒီကားနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။
“ရင်ဘတ်ထဲမှာ တယောက်၊ ရင်ခွင်ထဲမှာ တယောက် အဲ့လို ပုံစံလေးဖြစ်နေတယ်။ လေပြေကိုလည်း ချစ်တယ်။ ဆန်းကြယ်ကိုလည်း ချစ်တယ်။ ချစ်ပုံခြင်း မတူတာ အဲ့မှာ နှစ်ယောက်လုံးကို သောက မရောက်စေချင်တာ။ အမုန်းတရားတွေနဲ့ မဖြတ်သန်းစေချင်တာ။ ရန်သူ မဖြစ်စေချင်တဲ့စိတ်နဲ့ ဘဝကြီးကို ပျော်စေချင်တဲ့ စိတ်နဲ့ သက်ထင်ညိုက ဗျာများရတဲ့ သဘောပါပဲ။ အမှတ်တရကတော့ တကားလုံးပါဘဲ။ လာကြည့်တဲ့ ပရိသတ်တွေ ကျေနပ်မှု ကျန်ခဲ့လိမ့်မယ်”လို့ နေမင်းက ပြောပါတယ်။
“ရန်သူ” ဇာတ်ကားကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး အဲဒီနေ့မှာပဲ “သတ်ကွင်း” ဇာတ်ကားကိုလည်း ရုံတင်မှာ ဖြစ်ပါတယ်။ “သတ်ကွင်း”မှာ ပါဝင်ထားတဲ့ မင်းသွေးနဲ့ ပတ်သက်လို့လည်း အရမ်းခင်တဲ့ သူငယ်ချင်းဖြစ်ပြီး ဘယ်နားသွားသွား အတူတူသွားတာကြောင့် ရုံတင်ရက် လာတူနေတာ ဖြစ်လိမ့်မယ်လို့ နေမင်းက ဆိုပါတယ်။
“၁၄ ရက်နေ့က ရန်သူအပြင် သတ်ကွင်းကားလည်း တင်မှာဆိုတော့ ရန်သူကိုကြည့်မယ့် ပရိသတ်ကို ဖိတ်ခေါ်ချင်သလို သတ်ကွင်းကိုလည်း ကြည့်စေချင်တယ်။ ကျနော့်သူငယ်ချင်းကားလေးလည်း အရမ်းကောင်းတယ်။ မင်းသွေးဆန္ဒအရ နှစ်ကားတပြိုင်တည်း တင်ဖြစ်တယ်လို့ ထင်ပါတယ်။ သတ်ကွင်းရိုက်တုန်းကလည်း မင်းသွေးက ကျနော့် အခန်းမှာပဲ နေပြီးတော့ ရိုက်ခဲ့တာကိုး။ သတ်ကွင်းထဲမှာလည်း ကျနော်ရိုက်ထားတာလေးတွေ ပေးသုံးထားတယ်”
“ပရိသတ်က တကယ် ဇာတ်ကောင်းရင် အင်နဲ့ အားနဲ့ ကြည့်ကြတယ်။ ကောင်းအောင် ရိုက်တဲ့ သူအတွက် နေရာရတဲ့ ခေတ်ဖြစ်လာတယ်။ အဲ့ဒါကို ကျနော်ကြိုက်တယ်။ ဒါပရိုကျူဆာတယောက် အနေနဲ့ ပြောတာပါ။ မင်းသားတယောက် အနေနဲ့ပြောရရင် ကားရိုက် ပိုကြဲသွားတယ်။ ပိုကြဲသွားပေမယ့် တကားဆို တကား အရည်အသွေးအပြည့် တင်ဆက်နိုင်ရင် ပရိသတ်က အားပေးတာပါပဲ” လို့ နေမင်းက ဆိုပါတယ်။
The post “ရန်သူ”ဟာ ကျနော့်အတွက် စိန်ခေါ်မှု များတယ် appeared first on ဧရာဝတီ.