“Burning” အမည်ရှိတဲ့ ကိုရီးယားရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်အတွက် Critics’ Choice Awards ဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဒီနှစ်အတွက် ဆန်ခါတင် စာရင်းကို ထုတ်လွှင့်ရေးရုပ်ရှင်ဝေဖန်သူများနှင့် ရုပ်သံဂျာနယ်လစ်များအသင်းက ကြေညာလိုက်ပါတယ်။
“Burning” ရုပ်ရှင်ဟာ “Capernaum,” “Cold War,” “Roma,” နဲ့ “Shoplifters” တို့အပါအဝင် အခြားဆန်ခါတင်ရုပ်ရှင်တွေနဲ့အတူ နိုင်ငံခြားစကားပြောရုပ်ရှင်အတွက် လျာထားခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ “Burning” နဲ့ “Shoplifters” ရုပ်ရှင်တွေဟာ ၂၀၁၈ ခုနှစ်၊ လော့စ်အင်ဂျလိစ် ရုပ်ရှင်ဝေဖန်သူများအသင်းရဲ့ အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။
မင်းသား Steven Yeun ဟာ အဲဒီရုပ်ရှင်ထဲက ဇာတ်ရုပ်အတွက် အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ရရှိခဲ့ပါတယ်။ “Burning” ရုပ်ရှင်ဟာ (၇၁) ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အမြည်းဗီဒီယိုကို ပြသခဲ့ပြီး ကမ္ဘာတဝန်းကနေ စိတ်ဝင်စားခံခဲ့ရပါတယ်။
မကြာသေးခင်တုန်းကလည်း တိုရွန်တိုရုပ်ရှင်ဝေဖန်သူများ အသင်းက အကောင်းဆုံးနိုင်ငံခြားစကားပြော ရုပ်ရှင်အဖြစ် သတ်မှတ်တာကို ခံခဲ့ရပါတယ်။ ဒ့ါအပြင် ၉၁ ကြိမ်မြောက် အော်စကာဆုအတွက် အကောင်းဆုံးနိုင်ငံခြားစကားပြော ရုပ်ရှင်ဆုကို ရွေးချယ်ဖို့ လျာထားခံထားရပါတယ်။
အဲဒီ့ရုပ်ရှင်ထဲကမင်းသား Yoo Ah In ဟာလည်း နယူးယောက်တိုင်းမ်ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး သရုပ်ဆောင်စာရင်းမှာပါဝင်ခဲ့ပါတယ်။
“Burning” ရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ ဟာရူကီ မူရာကာမီရဲ့ “Barn Burning” ဆိုတဲ့ ဝတ္ထုတိုကို အခြေခံထားပြီး မင်းသားတွေဖြစ်ကြတဲ့ Yoo Ah In နဲ့ Steven Yeun၊ မင်းသမီး Jeon Jong Seo တို့ကြားက ထူးဆန်းတဲ့ ဆက်နွယ်မှုအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။
၂၀၁၉ ခုနှစ် Critics’ Choice Awards ဆုပေးပွဲကို CW ရုပ်သံလိုင်းကနေ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်လွှင့်ပေးသွားမှာပါ။
Ref: soompi
The post Critics’ Choice Awards အတွက် ဆန်ခါတင်စာရင်း ပါဝင်ခဲ့တဲ့ “Burning” ရုပ်ရှင် appeared first on ဧရာဝတီ.