မကြာခင် ၂၀၁၈ ခုနှစ် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ပရိသတ် အချစ်တော် အနုပညာရှင တဦးဖြစ်တဲ့ အကယ်ဒမီ နေတိုးက ၂၀၁၈ ခုနှစ်ဟာ သူ့အတွက် ခံစားမှုတွေ အများကြီးနဲ့ ဖြတ်သန်းရတဲ့နှစ် ဖြစ်တယ်လို့ ပြောပါတယ်။
“၂၀၁၈ ကတော့ ခံစားမှုတွေ အများကြီးနဲ့ ဖြတ်သန်းရတဲ့ နှစ်ပေါ့။ အဲဒီလိုမျိုးတော့ မြင်မိပါတယ်။ အခုချိန်ထိတော့ ဖြစ်တည်မှု တခုပေါ်မှာ နေတတ်အောင် ကြိုးစားနေရတဲ့ အချိန်အခါတခုပါပဲ။ ၂၀၁၉ မှာတော့ ဇာတ်ကောင်တွေက ပိုပြီးတော့ Strong ဖြစ်တာတွေက ပိုများတယ်။ ကာရိုက်တာကို ပိုဦးစားပေးတဲ့ကားမျိုးတွေ ရိုက်သွားဖို့ရှိပါတယ်” လို့ နေတိုးက ပြောပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ ညီဖြစ်သူ မင်းသွေး ရုတ်တရက် ဆုံးပါးသွားခဲ့ပြီး ညီဖြစ်သူကို ဆုံးရှုံးလိုက်ရပေမယ့် အတည်ငြိမ်ဆုံး ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် နေတိုးကို ပရိသတ်များက ချီးကျူးစကားများ ဆိုခဲ့ပါတယ်။
ညီအစ်ကို နှစ်ယောက်ရဲ့ မေတ္တာကို ရည်ညွှန်းပြီး တေးရေး ညီမင်းခိုင် ရေးသားကာ နေတိုးကိုယ်တိုင် သီဆိုထားတဲ့ “လရောင်ချော့တေး” သီချင်းလေးကလည်း မင်းသွေးဆုံးပါးသွားတဲ့အချိန်မှာ ပရိသတ်များက နားထောင်ပြီး ရင်နင့်အောင် ခံစားခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်လာခဲ့ပါတယ်။
မကြာမီအချိန်က ကျင်းပတဲ့ Shwe FM ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာလည်း နေတိုးက“လရောင်ချော့တေး” သီချင်းနဲ့ “အကောင်းဆုံး ရုပ်ရှင် ဇာတ်ဝင်တေးဆု” ရရှိခဲ့ပြီး ဆုရရှိခဲ့တာတွေကိုတော့ ပြန်လည် လှူဒါန်းသွားမယ်လို့ နေတိုးက ပြောပါတယ်။
“ဒီသီချင်းလေးက ဆိုရတာ ခက်ခဲတဲ့ထဲမှာတော့ မပါဘူး။ ဒါပေမယ့်လည်း ခံစားမှုအနေနဲ့က အများကြီးရှိခဲ့တယ်။ ပြန်ပြောပြစရာ မလိုလောက်တဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တဲ့အရာတွေ ရှိခဲ့တယ်ဆိုတော့ ဒီသီချင်းလေးအပေါ်မှာတော့ အမြဲတမ်း အမှတ်တရ ရှိနေပါတယ်။ ရုပ်ရှင်ကလည်း သီချင်းကြောင့် ပိုပြီးအသက်ဝင်သွားခဲ့သလို ၂၀၁၈ ကလည်း ဒီသီချင်းလေးကြောင့် ကျနော့်အတွက် အမှတ်တရဖြစ်ခဲ့ပါတယ်။ ဒီသီချင်းလေးကြောင့်ရခဲ့တဲ့ အရာတွေကိုလည်း ပြန်ပြီး လှူဒါန်းသွားဖို့ရှိပါတယ်” လို့ နေတိုးက ပြောပါတယ်။
အဆိုပါ “လရောင်ချော့တေး” ကတော့ “လရောင်ဖြာတဲ့ အင်းလေးမှာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး နေတိုးကိုတော့ ယခုနှစ်အတွက် အကယ်ဒမီကိုလည်း အဲဒီ ရုပ်ရှင်ကားနဲ့ ခန့်မှန်းခြင်း ခံထားရပါတယ်။
“ထွေထွေထူးထူးတော့ မရှိပါဘူး။ ပရိသတ်တွေကတော့ မျှော်မှန်းကြမှာပဲပေါ့နော်။ ဆုဆိုတာတော့ တခုပဲ ရှိတာလေ။ ဇာတ်ကောင်တခုအတွက် ကာရိုက်တာတခုအတွက် ဆုတခုစီပဲ သတ်မှတ်ထားတဲ့အတွက် ကျနော့်အနေနဲ့ကားတွေကလည်း အများကြီးရှိတဲ့အတွက် ပရိသတ်ရဲ့ မျှော်လင့်ချက်ပြည့်စုံပါစေလို့ပဲ ဆုတောင်းပေးပါတယ်” လို့နေတိုးကပြောပါတယ်။
နေတိုးကတော့ ၂၀၁၉ ခုနှစ်မှစတင်ပြီးတော့ ဇာတ်ကောင်ကို ဦးစားပေးတဲ့ ဇာတ်ကားများကို ပိုမိုရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလမှာလည်း နှင်းဆီအဖွဲ့နဲ့အတူ “နှင်းဆီပဝါ ခြုံတဲ့လက်”ဆိုတဲ့ အငြိမ့် ကဖို့ရှိတယ်လို့ သိရပါတယ်။
The post “၂၀၁၈ ခုနှစ်က ခံစားမှုတွေ အများကြီးနဲ့ ဖြတ်သန်းရတဲ့ နှစ်ပါ” appeared first on ဧရာဝတီ.