အဆိုတော် လေဒီဂါဂါဟာ အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒေါ်လာ ၅ သန်းတန် စိန်လည်ဆွဲ ဝတ်ပြီး တက်ရောက်လာခဲ့တာကို မြင်တွေ့ရပါတယ်။
အဲဒီ ဆုပေးပွဲမှာ “A Star Is Born” ရုပ်ရှင်နဲ့ ဆန်ခါတင်စာရင်း ဝင်ထားတဲ့ လေဒီဂါဂါရဲ့ စိန်လည်ဆွဲကို Tiffany & Co ကုမ္ပဏီကနေ ဖန်တီးပေးထားတာဖြစ်ပါတယ်။
(၇၆) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို လေဒီဂါဂါဟာ သူ့ရဲ့ဆံပင်အရောင်နဲ့ လိုက်ဖက်ညီတဲ့ အပြာဖျော့ Valentino ဂါဝန်ရှည်ကြီးကို ဝတ်ဆင်လာခဲ့တာကြောင့် ဆုပေးပွဲကို တက်ရောက်လာသူတွေနဲ့ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကြား တော်တော်လေးကို လူပြောများသွားခဲ့တာပါ။ သူဟာ “A Star Is Born” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆုနဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုတို့အတွက် လျာထားခံခဲ့ရတာဖြစ်ပါတယ်။
သူဝတ်လာခဲ့တဲ့ အဲဒီ Aurora စိန်လည်ဆွဲဟာ စိန်အပွင့်ပေါင်း ၃၀၀ လောက်နဲ့ အလယ်မှာလည်း ၂၀ ကာရက်ရှိတဲ့ သစ်တော်သီးပုံစံ စိန်ပွင့်ကြီးနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၁၅၀၀၀ တန်ကြေးရှိတဲ့ စိန်နဲ့ ပလက်တီနမ်စီခြယ် နားကပ်တွေကို ဝတ်ဆင်ထားတာကိုလည်း မြင်တွေ့ရတယ်။
အခုလိုမျိုး ဆုပေးပွဲရာသီမှာ မင်းသမီးဂါဂါရဲ့စတိုင်ပညာရှင်တွေဖြစ်တဲ့ Tom Eerebout နဲ့ Sandra Amador တို့ကတော့ လင်းလက်တောက်ပတဲ့ အလှကို ဖန်တီးပေးချင်ခဲ့တာလို့ ဆိုပါတယ်။
Eerebout က “ ဒီနေ့ရွှေကမ္ဘာလုံးဆုပေးပွဲမှာ လေဒီဂါဂါအတွက် အထူးဖန်တီးပေးထားတဲ့ Tiffany Aurora လည်ဆွဲကြောင့် သူ့ရဲ့ ဝတ်စုံအလှရဲ့ပြီးပြည့်စုံမှုကို ပုံဖော်ထားသလိုပါပဲ။ ဒီလိုမျိုးအထူးအချိန် အခိုက်အတန့်လည်းဖြစ်ပြီး သူ့အတွက် ဒီနှစ်အတွက် ပထမဆုံးဆုပေးပွဲကြီးမှာ ကျနော်တို့ဟာ ဝတ်စုံနဲ့လက်ဝတ်ရတနာတွေ တွဲဖက်ညီနေစေချင်တာပါ” လို့ The Hollywood Reporter မီဒီယာကိုပြောဆိုခဲ့ပါတယ်။
Ref: billboard
The post ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒေါ်လာ ၅ သန်းတန် စိန်လည်ဆွဲဝတ်ပြီး ပွဲတက်ခဲ့တဲ့ လေဒီဂါဂါ appeared first on ဧရာဝတီ.