မတ်လအတွင်း ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ) မအေးသောင်းက “မုန်းစွဲ”ရုပ်ရှင်နဲ့ ဇာတ်ပို့ဆု အကယ်ဒမီ ရရှိနိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ အကယ်ဒမီနဲ့ ပတ်သတ်လို့ မအေးသောင်းကတော့ ရင်မခုန်ဘူးလို့ ဧရာဝတီကို ဆိုပါတယ်။
“အမှန်အတိုင်းပြောရရင် ပေါက်စီက အကယ်ဒမီကို မှန်းကို မမှန်းထားတာ။ ဘာလို့လဲဆိုတော့ ကိုယ်ပထမဆုံး ပြန်ရိုက်တဲ့ကားလည်း ဖြစ်တယ်။ ကိုယ့်ထက် ဝါရင့်တဲ့သူတွေလည်း အများကြီးပါတယ်”လို့ မအေးသောင်းက ဧရာဝတီကိုပြောပါတယ်။ မအေးသောင်းရဲ့ ပြန်လည်လှုပ်ရှားလာတဲ့ အနုပညာတွေထဲမှာမှ ပထမဆုံး ရုံတင်ရုပ်ရှင်ကားကြီး “မုန်းစွဲ”က ပေါက်ကားတကားဖြစ်သလို အကယ်ဒမီ စာရင်းဝင်ကားကြီးလည်း ဖြစ်ပါတယ်။
“ကိုယ့်ထက် ပိုတော်တဲ့သူတွေနဲ့ တွဲလုပ်ရတဲ့အတွက်ကြောင့်မလို့ ကိုယ်က မကျန်ခဲ့ချင်တဲ့စိတ်ကတော့ အပြည့်ပဲ။ အဲဒီအတွက်ကြိုးစားခဲ့တယ်။ တော်တဲ့သူတွေနဲ့ တွဲရလို့လည်း ရေမြင့်တော့ ကြာတင့်ပြီး ပေါက်စီပါ ပိုကောင်းသွားတယ်ထင်တယ်။ ဒါ့ကြောင့် ဒီဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့သူအားလုံးကို ပေါက်စီကတော့ ကျေးဇူးတင်တယ်။ ဒီကားလေးကိုကြည့်ပြီး ပေါက်စီကို လက်ခံတဲ့သူတွေကိုလည်း အရမ်းကျေးဇူးတင်တယ်”လို့ မအေးသောင်းက ဆိုပါတယ်။
ဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေကို အကယ်ဒမီ တစ်ကြိုခန့်မှန်းတွေ ပေးနေကြတာကြောင့် မအေးသောင်းရဲ့ အကယ်ဒမီ ရင်ခုန်မှုအကြောင်းကိုလည်း အခုလို ဆိုပါတယ်။
“ပေါက်စီက အကယ်ဒမီ ရင်ခုန်မှုထက် အဲဒီဇာတ်ကား တင်ခါနီးတုန်းက ရင်ခုန်မှုက ပိုများတယ်။ အဲဒီကားကြည့်ပြီး ထွက်လာကျရင် ဘယ်လိုဖြစ်ကြမလဲဆိုတာကို အဲဒီဇာတ်ကား ပထမဆုံး ရုံတင်ပြတဲ့နေ့မှာ ပေါက်စီသွားကြည့်တယ်။ ကိုယ့်အခန်းလေးတွေမှာ ရယ်ကြသားပဲပေါ့။ ငါ့ကိုတော့ သဘောကျသားပဲ။ တော်သေးရဲ့။ ဒီကားမှာ သူပါလို့ မကောင်းတာတို့၊ အေးဝတ်ရည်သောင်း မဟုတ်ဘဲနဲ့ တခြားမင်းသမီး ထည့်လိုက်ရင်တောင် ပိုကောင်းမယ်တို့ ဆိုတာတွေ အပြောမခံရတာနဲ့တင်ကိုပဲ အဲဒီအချိန်ရင်ခုန်မှုက အတော်လေးကိုမြင့်သွားပြီ”
“ဒီတော့ အကယ်ဒမီအတွက်က ရင်မခုန်နိုင်တော့ဘူး။ အခုလို ထင်ကြေးတွေပေးကြတော့ ကျေနပ်တာပေါ့။ အတိုင်းမသိပေါ့။ ကိုယ်မမှန်းထားတာတွေ သူတို့ကပေးတတ်တယ် ဆိုတော့လေ။ ဒါကိုလည်း ပေါက်စီက မမှန်းထားဘူး။ အခု ပရိသတ်တွေပေးတာနဲ့တင် တော်တော်ပျော်နေပါပြီ”လို့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။
မအေးသောင်းက “မုန်းစွဲ”ဇာတ်ကားထဲက မှတ်မှတ်ရရ ပြင်ဆင်ခဲ့ပုံကိုလည်း အခုလိုပြောပြပါတယ်။
“ကိုယ်က သရုပ်ဆောင်တာကို ဝါသနာပါတာကိုးနော်။ လှတာကို ဝါသနာမပါဘူး။ ကိုယ်က ကြာဥဖြစ်ချင်တာလေ။ တခုကောင်းတာက အဲဒီကားရိုက်တာ မနက်ဆို မျက်နှာသစ်ပြီး ထသွားရုံပဲ။ ဗိုက်ကိုလည်း ပေါက်ဆီက နှစ်ဗိုက်ပြင်ဆင်ထားတာ။ တခုက ဆီလီကွန်၊ အဲဒါက ရေထဲမှာဆို အဆင်ပြေတယ်။ ကုန်းပေါ်မှာကျတော့ ဗိုက်ကြီးသည်တွေက လေးတယ်လေ။ ဒီတော့ပေါက်စီက ကျောက်ပျဉ်ထည့်ထားတယ်”
“ဗိုက်အတုကို ကိုယ့်ဟာကို လုပ်လိုက်တယ်။ ဖော့နဲ့ ကျောက်ပျဉ်နဲ့။ ဒီတော့ ထိုင်လိုက်ရင် လေးနေတယ်။ အဲဒါကလေ ကြာလေလေးလေပဲ။ မိတ်ကပ်ကလည်း တစက်မှ မလိမ်းဘူး။ ရုပ်ဆိုးတယ်လို့ ပြောလို့ ရတယ်။ အဲဒီအချိန်မှာ ကိုယ်က အလှအပတွေ လုပ်လိုက်ရင်လည်း ဇာတ်ရုပ်က ပျက်သွားမယ်။ ကြာဥ ဇာတ်ရုပ် ပီပြင်ဖို့ပဲ အရေးကြီးတယ်။ လှဖို့အရေးမကြီးတော့ဘူး။ ဇာတ်က အရမ်း Challenge ဖြစ်တယ်”
“ဒီလောက်ပေါက်တာက ဘုရားပေးတဲ့ ဆုပါပဲ။ ကိုယ့်ရဲ့ပထမဆုံး ရုံတင်ကားလည်းဖြစ်တယ်။ စင်ကာပူမှာလည်း ပြခွင့် ရတယ်။ ဒီလိုကားမျိူးမှာ တခန်း တကဏ္ဍက ပါခွင့်ရတာဆိုတော့ ပျော်တာကတော့ အတိုင်းမသိ၊ အတိုင်းထက်အလွန် နောနော်ပေါ့”လို့ မအေးသောင်းက ပြောပါတယ်။
မအေးသောင်းက “မုန်းစွဲ”ကား ရိုက်ကူးရေး လုပ်ခဲ့တဲ့ရွာမှာ အလှူတခုလည်း လုပ်ခဲ့ပါတယ်။ တနှစ်ပြည့်အလှုလေးနဲ့ ပတ်သက်ပြီးလည်း မအေးသောင်းက အခုလိုဆိုပါတယ်။
“ကျောက်ဂူ ဆရာတော်ကျောင်းမှာ သွားရိုက်တာကြတာဆိုတော့ အဲဒီကျောင်းမှာလည်း ကိုနေတိုးတို့၊ အရီးတို့ အရင်တုန်းကလည်း လှူဖူးတယ်တဲ့။ ဘာအတွက်လှူကြတာလဲလို့ မေးကြည့်တော့ ရေတွင်းအတွက်တဲ့။ ပေါက်စီ လိုက်ကြည့်လို့ရလားဆိုတော့ ရတယ် လိုက်ခဲ့တဲ့။ ကားရိုက်ကလည်း အဲဒီရွာမှာပဲဆိုတော့ ပေါက်စီ လိုက်ကြည့်လိုက်တော့ တကယ်လည်း ရွာမှာ ရေက ရှားနေတယ်”
“သူတို့အတွက် လိုအပ်နေတယ်ဆိုလို့ ပေါက်စီ အများကြီးတော့ မတတ်နိုင်ပေမယ့် ရေတွင်း တတွင်းတော့ လှူခဲ့တယ်။ ၄၊ ၅ လလောက်ကြာတော့ လှုပြီးသွားပြီဆိုတဲ့ ဓာတ်ပုံလေးတွေနဲ့ ပေါက်စီကို ပို့လိုက်တယ်။ အဲဒါလည်း အမှတ်တရပါပဲ”လို့ မအေးသောင်းက ဆိုပါတယ်။
ပရဟိတအလှူများလုပ်ဖြစ်နေပုံနဲ့ ပတ်သက်လို့လည်း မအေးသောင်းက သူရဲ့ ခံယူချက်ကို အခုလိုဆိုပါတယ်။
“ပရဟိတလုပ်တယ်ဆိုတာ တကယ်တော့ အရမ်းကောင်းတယ်။ အများကြီး လုပ်နိုင်ရင် ပိုကောင်းတယ်။ လူရော၊ စိတ်ရော နှစ်ပြီးလုပ်ရတာ။ ပြောတာက လွယ်တယ်။ တကယ်တမ်း စိတ်နှစ်ပြီး လုပ်တဲ့သူတွေကို ပေါက်စီ ချီးကျူးတယ်။ ပေါက်စီလည်း အဲဒီလို လုပ်ချင်ပါတယ်။ ဒါပေမဲ့ ငယ်ငယ်လေးကတည်းက ပေါက်စီက မွေးနေ့လုပ်မယ့် ပိုက်ဆံကို နှစ်တိုင်း မိဘမဲ့ကျောင်းတွေမှာ သွားလှူဖြစ်တယ်”
“အဓိက ပညာရေးအတွက်လိုတဲ့ နေရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတနိုင်ငံမှာ ပညာရေးကအရေးကြီးဆုံးပဲ။ ဒါကြောင့် ပေါက်စီက ကလေးတွေကို ကျောင်းထားပေးတယ်။ နာဂစ်ဖြစ်ပြီးကတည်းက ပေါက်စီ ကျောင်းထားပေးတဲ့ ကလေးတွေ ရှိတယ်။ အခုဆိုရင် ဆယ်တန်း အောင်သွားကြပြီ။ အဲဒီ ၁၆ ယောက်စလုံးက တော်ခရမ်းကြီးမှာ ကျောင်းတက်ကြတာ။ အဲဒီထဲက တယောက်က ပိုးထိပြီးဆုံးသွားတော့ အခုတော့ ၁၅ ယောက်ပေါ့”
“သူတို့အားလုံးရဲ့ ပညာရေးအတွက် ပေါက်စီ တာဝန်ယူပေးခဲ့တာပါ။ အဲဒီလိုပဲ ပေါက်စီတတ်နိုင်သလောက်လေးနဲ မိဘမဲ့ကလေးတွေရဲ့ ပညာရေးကို လှုဖို့ ဆုံးဖြတ်ထားတယ်”လို့ မအေးသောင်းက ဆိုပါတယ်။ မအေးသောင်းက လတ်တလောမှာ “ရင်ခွင်ရှင်းတမ်း”ရုပ်သံစီးရီးတွဲကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတကားလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မုန်းစွဲဇာတ်ကားကို ပရိသတ်တွေ ချီးကျူးလို့ ဝမ်းသာနေတဲ့ မအေးသောင်း
The post “မုန်းစွဲ”ကို ရုံတင်ခါနီး ရင်ခုန်ခဲ့ရလို့ အကယ်ဒမီကို ရင်မခုန်နိုင်တော့တဲ့ မအေးသောင်း appeared first on ဧရာဝတီ.